ဆင်ဘို ဩဂုတ် ၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ဆင်ဘိုမြို့ မြို့ပေါ် (၃)ရပ်ကွက်၊ ကျေးရွာ (၁၂)ရွာမှ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသည့် ပြည်သူများအား ဆင်ဘိုမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့ နံနက် (၈) နာရီမှ ညနေ (၄)နာရီထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ထိုးနှံပေးသည့် ကိုဗစ် - ၁၉ ကာကွယ်ဆေးအမျိုးအစားမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံထုတ် Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင်(၂)ဦး နှူန်းဖြင့် ဆင်ဘိုမြို့အတွက် ဆေးအလုံးရေ (၁၆၀) လုံးရ ရှိထားပြီး လူဦးရေ (၃၂၀)ဦး ထိုးနှံပေးမည် ဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးအား ရဟန်းသံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ် အိုများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတလူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း များတွင် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေး၀န်ထမ်းများအား ဦးစားပေးထိုးနှံ ပေးသွားမည်ဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာမှုပေါ်မူတည်၍ အများပြည်သူ အား ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-(၁၉)ရောဂါ ကာကွယ်ဆေးထိုးနှံဆောင်ရွက်ရာတွင် ဆင်ဘိုမြို့မှ ဗိုလ်ကြီး ဒေါက်တာဇွဲပိုင်ထူး ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက် ထိုးနှံသော ပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ် ဆေးကို ထုတ်ပြန်ထားသော ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးကြောင်းသိရသည်။
ဆင်ဘိုမြို့တွင် ကိုဗစ် - ၁၉ မျိုးရိုးဗီဇပြောင်း ရောဂါသည် ဇူလိုင် ၁၂ ရက်နေ့မှစ၍ ပြန်လည်ဖြစ်ပွားခဲ့ရာ ယနေ့အထိ ရက်ပေါင်း ၂၃ ရက် အတွင်း ပိုးတွေ့လူနာ (၁၂) ဦးရှိပြီး ပိုးတွေ့လူနာ (၁၂) ဦးလုံးမှာ ဆေးရုံဆင်းခွင့် ရရှိပြီဖြစ်ကြောင်းနှင့် သေဆုံးလူနာ မရှိကြောင်း မြို့ ကိုဗစ်- ၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
စိုးမိုးကျော်