ရွာငံ ဩဂုတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ရွာငံမြို့နယ်အတွင်းရှိ အသက် (၆၅)နှစ်အထက်အဘိုးအဘွားများနှင့်ပြည်သူများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ရွာငံမြို့ ဗထူးခန်းမ၊ ရေဦး၊ မြိုင်၊ မြင်းကျဒိုးနှင့် မြို့ကြီး ကျေးရွာများရှိ သတ်မှတ်နေရာများ၌ ဇုန်(၅)ဇုန်ခွဲ၍ ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးထိုးနှံရာတွင် ရွာငံမြို့နယ် ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များမှ ကာကွယ်ဆေးထိုးနှံလျက်ရှိသော သတ်မှတ်နေရာအသီးသီးတို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လျက်၍ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဆရာဝန်ကြီးဒေါတ်တာ အေးသန္တာနိုင် ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ Volunteerများ၊ ပရဟိတအဖွဲ့များမှ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ပြည်သူများအား လက်သန့်ဆေးရည်၊ နှာခေါင်းစည်း၊ Maskများ အသုံးပြုပေးခြင်း၊ အပူချိန်၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများနှင့်အတူ ကိုဗစ်−၁၉ ရောဂါနှင့်ဆိုင်သည့် ကျန်းမာရေးဆိုင်ရာများကို ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး Sinopharmအမျိုးအစားကို အသက် (၆၅)နှစ် အထက်အဘိုးအဘွားများ၊ Volunteer ပရဟိတအဖွဲ့များ၊ ဘုန်းကြီး၊ သီလရှင်၊ သာသနာရေးအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်များ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်/မိုတယ်/တယ်ခိုခန်း ဝန်ထမ်းများ၊ အကျဉ်း/အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းရှင်များ၊ Super Market/ ဈေးသည်များကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ရွာငံ)