မြေပုံ ဩဂုတ် ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ထိုးဆေးကို စတုတ္ထနေ့အဖြစ် ဆက်လက်၍ ဆေးထိုးစုရပ်များ တိုးချဲ့ဖွင့်လှစ်ပြီး ထိုးနှံ လျက်ရှိသည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ဆေးထိုးစုရပ်များအား ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေး သတ်မှတ်ညွှန်ကြားချက်များအတိုင်း လူစုလူဝေးမဖြစ်စေရန် စီစဉ်၍ ဆေးထိုးစုရပ် တိုးချဲ့ဖွင့်လှစ်ကာ ဆောင်ရွက်လျက်ရှိသည်။
မြို့နယ်ဆရာဝန်ကြီး ဦးဆောင်ပြီး ဆေးထိုးစုရပ်အသီး၌ ကာကွယ်ဆေးထိုးရာတွင် ပါဝင်ဆောင်ရွက်ကြသော ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ထွေ/အုပ် ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများတို့က ကာကွယ်ဆေးထိုရန် သတ်မှတ်ချက်(၁၂)ချက်နှင့် အကျုံးဝင်သူများအား စစ်ဆေး၍ စာရင်းကောက်ခြင်း၊ ကျန်းမာရေးစစ်ဆေးကာ သွေးပေါင်ချိန်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ဆေးထိုးပြီး နားနေစေခြင်း တို့ကို တာဝန်ကိုယ်စီသတ်မှတ်ပြီး ကာကွယ်ဆေးထိုးပေးလျက်ရှိသည်။
ပထမနေ့၌ မြို့နယ် ခန်းမ(၁)ခု၌သာ ကာကွယ်ဆေးထိုးပြီး ဒုတိယနေ့တွင် မြို့နယ်ခန်းမနှင့် ကမ်းထောင်းကြီးတိုက်နယ်ဆေးရုံတို့၌ ထိုးကာ တတိယနေ့၌ မြို့နယ်ခန်းမ၊ ကမ်ထောင်ကြီး တိုက်နယ်ဆေးရုံ၊ သရက်တောင်ကျန်းမာရေးဌာနခွဲနှင့် ပေါက်တူးတောင် ကျန်းမာရေး ဌာနခွဲတို့တွင် ကာကွယ်ဆေးထိုးပြီး စတုတ္ထနေ့အဖြစ် ယနေ့တွင် မြို့နယ်ခန်းမ၊ ကမ်းထောင်းကြီး တိုက်နယ်ဆေးရုံ၊ ပေါက်တူးတောင် ကျန်းမာရေးဌာနခွဲတို့တွင် ကာကွယ်ဆေးထိုးပေးလျက်ရှိသည်။
မြေပုံမြို့နယ်တွင် ယနေ့ထိကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm တိုးပြီးသူ စုစုပေါင်း (၂၉၇၆)ဦးရှိပြီး မနက်ဖြန် ပဉ္စနေ့အဖြစ် ဆက်လက်၍ ထိုးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်ဝင်း (ပြန်/ဆက်)