မော်လမြိုင် ဩဂုတ် ၅
မွန်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ဗွီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်၊၊
အစည်းအဝေးတွင် မွန်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်သည်၊၊
ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် Standard Operation Procedure (SOP) (၁၂)ချက်အညီ တိတိကျကျ လိုက်နာ ဆောင်ရွက်စေလိုကြောင်း၊ သက်ဆိုင်ရာမြို့နယ်များအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်မှုအပေါ် လူဦးရေစာရင်းများ တိကျမှန်ကန်အောင် ကောက်ယူစေလိုကြောင်း၊ ပြည်သူများ တစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် အသိ၊ သတိဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည့် အချက်များကို လိုက်နာဆောင်ရွက် စေလိုကြောင်း၊ ယခုမိုးရာသီမှာစားနပ် ရိက္ခာဖူလုံနိုင်ရန် စိုက်ပျိုရေးနှင့် မွေးမြူရေးကို အဓိကထားပြီး စနစ်တကျ လုပ်ကိုင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပေးပြီး တက်ရောက် လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်အပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပေးသည်၊၊
မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များ အတွက် အဘက်ဘက်မှ စီစဉ်ဆောင်ရွက်ပေး လျက်ရှိသလို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အလုံးရေ ကိုးသောင်းကျော်ကို ထိုးနှံသွားမည်ဖြစ်ကာ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတစေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးရာတွင် ဝိုင်းဝန်း ကူညီကြရေး စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)