ပုဗ္ဗသီရိ ဩဂုတ် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ဩဂုတ်လ(၁)ရက်နေ့ မှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို အ-ထ-က(၂၀)တွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက အဆိုပါ ကျောင်း၌ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)မထိုးမီ စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေး ထိုးရန် ကျန်းမာရေး ကောင်းမွန်သူများကိုသာ ကာကွယ်ဆေးထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်အနေဖြင့် ယနေ့တွင် သံဃာတော်(၇)ပါး၊ ကျန်းမာရေးဝန်ထမ်း(၁)ဦး၊ ဝန်ထမ်းမိသားစု(၁၉၇)ဦး၊ အသက်(အသက်၆၅)နှစ်အထက် အသက်ကြီးရွယ်အို(၄၂)ဦး၊ နိုင်ငံ့ဝန်ထမ်း(၈၈)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း (၄၃)ဦး၊ စက်ရုံဝန်ထမ်း (၂၀၉)ဦး၊ ဟိုတယ်ဝန်ထမ်း (၁၃)ဦး၊ စုစုပေါင်း(၆၀၀)ဦးကို မြို့နယ်ခုတင်(၅၀)ဆံ့ဆေးရုံအုပ် ဒေါက်တာသိမ့်သိမ့်ထွေး၊ အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ဆေးမှူးဗိုလ်ကြီး ရဲထွဋ်ကျော်နှင့် ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့များက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)