မတ္တရာ သြဂုတ် ၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် စကျင်ကျေးရွာအနီးရှိ ဧရာဝတီမြစ် အတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီကကျင်းပ ပြုလုပ် ခဲ့သည်။
အဆိုပါမြစ်အတွင်းသို့ ရေနံ့သာငါးလုပ်ငန်းစခန်း၊ သရက်ကုန်းငါးလုပ်ငန်းစခန်း၊ ကူမဲငါးလုပ်ငန်း စခန်းနှင့် နတ်ရေကန်ငါး လုပ်ငန်းတို့မှ ထုတ်လုပ်သော ငါးမြစ်ချင်း ငါးမျိုးကောင်ရေ(၆)သိန်းနှင့် ငါးခုံးမကြီး ငါးမျိုးကောင်ရေ(၃)သိန်း၊ စုစုပေါင်း ငါးမျိုး(၉)သိန်းခန့်အား ပြင်ဦးလွင်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်သန်းနှင့် မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ငါးလုပ်ငန်း စခန်းများမှ တာဝန်ခံများနှင့် ဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသားများမှ စုပေါင်း စိုက်ထည့် ခဲ့ကြသည်။
မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ ငါးသယံဇာတတိုးပွားလာရေး၊ ငါးထုတ်လုပ်မှု တိုးတက်စေရေး၊ ငါးမျိုးများ မပြုန်းတီးစေရေးနှင့် ကျေးလက်နေ ပြည်သူများ ငါးရိက္ခာများ ပိုမိုစားသုံးနိုင်ရေး အတွက် ငါးမျိုးများအား သဘာဝမြစ်ချောင်းများနှင့် ဆည်တမံများအတွင်းသို့ နှစ်စဉ်စိုက်ထည့်ပေး လျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)