ဥတ္တရသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတုတ္ထ‌နေ့ဆက်လက်ထိုးနှံ

ဥတ္တရသီရိ ဩဂုတ် ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများအား ဩဂုတ်လ(၁)ရက်နေ့မှစတင်၍ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို အ-ထ-က၊ မင်းကုန်း၌ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီတွင် အဆိုပါကျောင်း၌ပင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ 

ထိုသို့ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)မထိုးမီ စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင်ပမာဏတိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်းနှင့် ကာကွယ် ဆေးထိုးရန် ကျန်းမာရေးကောင်းမွန်သူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတ အဖွဲ့များ၊ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့များက ပူးပေါင်း ဆောင်ရွက်ပေးခဲ့သည်။

ဥတ္တရသီရိမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သြဂုတ်လ ၁ ရက်နေ့တွင် (၃၂၂) ဦး၊ ဩဂုတ်လ ၂ ရက်နေ့တွင်(၃၅၂)ဦး၊ ဩဂုတ်လ ၃ ရက်နေ့တွင်(၃၀၈)ဦး၊ ဩဂုတ်လ ၄ ရက်နေ့တွင် (၄၆၈)ဦး၊စုစုပေါင်း(၁၄၅၀)ဦးကို  ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။