ရပ်စောက် ဩဂုတ် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်မှုကို ယနေ့နံနက် ၉ နာရီက ဇော်ဂျီရပ်ကွက်ရှိ ရဿဝတီခန်းမ၌ တာဝန် ရှိသူများမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရပ်စောက်မြို့နယ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ကို ဇူလိုင်လ (၃၁)ရက်နေ့ နံနက်ပိုင်းမှစတင်၍ အသက်(၆၅)နှစ်နှင့်အထက်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဟန်းသံဃာများ၊ စေတနာ့ဝန်ထမ်းများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများအား ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ဩဂုတ်လ ၃ ရက်နေ့အထိ (၂၃၄၃)ဦး အား ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေး(၁)လုံးကို လူ(၂)ဦးနှုန်းဖြင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းဆောင်ရွက်မှုကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်များက ပူးပေါင်း ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)