ကျောက်တလုံးမြို့၌ ဒုတိယနေ့အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ကျောက်တလုံးကြီး ဩဂုတ် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်သူများနှင့် ဈေးသည်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး နှံပေးခြင်းကိုကျောက်တလုံးကြီးမြို့ အောင်ဓမ္မစေတီဘုရာကုန်းတွင် ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ဒေသခံကျန်းမာရေးဝန်ထမ်းများတို့က ကျောက်တလုံးကြီးမြို့ပေါ်(၆)ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများဖြစ်သော နောင်ခဲကျေးရွာအုပ်စု၊ ပင်တွန်ကျေးရွာအုပ်စု၊ ကက္ကူကျေးရွာအုပ်စုတို့မှ အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်သူများ၊ ဈေးသည်များအား ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေးထိုး နှံပေးကြောင်းသိရသည်။

ကျောက်တလုံးမြို့အတွင်း ကိုဗစ် − ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ထိန်းချုပ်ရန်အတွက် တရုတ် နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးတစ်လုံးလျှင်(၂)ဦးနှုန်း ထိုးပေးလျက်ရှိရာ ယမန်နေ့‌ကျောက်တလုံး ကြီးမြို့အတွင်းရှိ ကျေးရွာအုပ်စု(၇)အုပ်စုနှင့်မြို့ပေါ်(၆)ရပ်ကွက်တို့မှ အသက်၆၅နှစ်နှင့်အ ထက်သက်ကြီး ဘိုးဘွားများ (၆၆၆) ဦးထိုးနှံပေးခဲ့ပြီး ယနေ့၌ အသက်၆၅နှစ်နှင့် အထက်ဘိုးဘွားများ၊ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်သူများ ဈေးသည်များ(၅၇၀)ဦးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြဝင်း(ကျောက်တလုံးကြီး)