ဒလမြို့ပေါ် ရပ်ကွက်ပေါင်း ၁၂ ခုရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အို ၂၉၃၅ ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ရန်ကုန် သြဂုတ်

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို သြဂုတ်လ ၁ ရက်နေ့တွင် စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ မြို့ပေါ်ရှိ ရပ်ကွက် ပေါင်း ၁၂ ရပ်ကွက်တို့ရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အို စုစုပေါင်း ၂၉၃၅ ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက တပင်ရွှေထီးရပ်ကွက် ဒလ-ဓနုတ် ကားလမ်းမကြီးဘေးရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ဆက်လက်ဆေးထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် လမ်းမလျှောက်နိုင်သော သက်ကြီးရွယ်အိုများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ် တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သည်။ ဒလမြို့နယ်၌ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အို စုစုပေါင်း ၁၂၀၀၀ ကျော်ရှိကြောင်း၊ သြဂုတ်လ ၁ ရက်နေ့တွင် ၉၁ ဦး၊ သြဂုတ်လ ၂ ရက်နေ့တွင် ၁၂၀ ဦး၊ သြဂုတ်လ ၃ ရက်နေ့တွင် ၁၆၃ ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း၊ ယနေ့တွင် မြို့ပေါ် ရပ်ကွက် ၁၂ ရပ်ကွက်ရှိ သက်ကြီးရွယ်အို ၂၉၃၅ ဦးတို့အား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း၊ ကျန်ရှိနေသော ရပ်ကွက်များနှင့် ကျေးရွာ များရှိ သက်ကြီးရွယ်အိုများအား ဆက်လက်၍ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နိုင်လင်းကျော်