ထန်းတပင်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးကို သတ်မှတ်စုရပ်နေရာများ အလိုက် ဆက်လက်ထိုးနှံပေး

ထန်းတပင်(ရန်ကုန်) သြဂုတ်

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကာကွယ်ဆေးမထိုးနှံရသေးသူများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးခြင်းကို  သြဂုတ်လ(၁)ရက်နေ့၊ မွန်းလွဲပိုင်းမှစတင်၍ မြို့နယ်အတွင်းသတ်မှတ်စုရပ် နေရာများ အလိုက်ထိုးနှံပေးလျက်ရှိပြီး သြဂုတ်လ(၃)ရက်နေ့က မြို့မအားကစားကွင်းနှင့် အ.ထ.က(ကျူတော) ကျောင်းစုရပ်(၂)နေရာတို့တွင်ကာကွယ်ဆေးကိုဆက်လက်၍ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

 

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေးလာရောက်ထိုးနှံကြသူများကို ကာကွယ် ဆေးထိုးနှံရေး အဖွဲ့များက ကာကွယ်ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်နှင့် သွေးတွင်း အောက်စီဂျင်လည်ပတ်မှုနှုန်းတိုင်းတာခြင်းနှင့် ရောဂါအခံရှိမရှိမေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရပြီး ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေစေရေးအတွက်လည်း မြို့နယ် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြ ကြောင်း လည်း သိရသည်။

 

“ကာကွယ်ဆေးထိုးစုရပ်ကိုကနေဦး ထန်းတပင်မြို့မ အားကစားကွင်း၊ အ.ထ.က(ဘောလည်)ကျောင်း၊ အ.ထ.က(ကျူတော)ကျောင်း၊ လှည်းဆိပ်တိုက်နယ်ဆေးရုံ၊ နဲသမိန်တိုက်နယ်ဆေးရုံနဲ့တက်သစ်တိုက်နယ် ဆေးရုံ နေရာခြောက်နေရာမှာ ထိုးနှံဖို့စီစဉ်ထားတာပါ အခုထပ်ပြီးတော့ ကာကွယ်ဆေးထိုးနှံတဲ့ နေရာမှာ ပိုအဆင်ပြေစေဖို့အတွက်ဆိုပြီးတော့နောက်ထပ်နေရာနှစ်နေရာပေါ့ အ.ထ.က(ခွဲ)အုတ်ဖိုနှင့်ဒိတ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းစုရပ်ကို ထပ်မံတိုးချဲ့ထားပါတယ်၊ အခုလက်ရှိ ပထမဦးစားပေးစုရပ်အနေနဲ့ မြို့မအား ကစားကွင်းနဲ့ အ.ထ.က(ကျူတော)ကျောင်းမှာ ကာကွယ်ဆေးကိုထိုးနှံပေးနေတာပါ နောက်ရက် တွေမှာ ကျန်ရှိတဲ့ စုရပ်နေရာအလိုက် ကာကွယ်ဆေးကိုထပ်မံပြီးထိုးနှံပေးသွားမှာဖြစ်ပါတယ်၊ ထန်းတပင်မြို့နယ် အနေနဲ့ ကာကွယ်ဆေးထိုးနှံပြီးစီးမှုကတော့ သြဂုတ်လ(၃)ရက်နေ့အထိကို သံဃာတော်အရှင်သူမြတ်နဲ့ သီလရှင်က(၅၆)ပါး၊ အသက်(၆၅)နှစ်အထက်က (၉၁၇)ဦး၊ နိုင်ငံ့ဝန်ထမ်းက (၂၁၇)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု က(၃၅၉)ဦး၊ စေတနာ့ဝန်ထမ်း(၃၀၈)ဦး၊ ဈေးသူ/သားက(၃၂)ဦးနဲ့ အချုပ်သား(၆)ဦး စုစုပေါင်း(၁၈၉၅)ဦး တို့ကို ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ပါတယ်”ဟု ကာကွယ်ဆေးထိုး နှံပေးနေမှုများနှင့်ပြီးစီးမှုအခြေအနေများ ကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးရဲလင်းနိုင်ကရှင်းပြသည်။

 

ကာကွယ်ဆေးထိုးနှံပေးခြင်းကို သြဂုတ်လ(၁)ရက်နေ့မှသြဂုတ်လ(၁၀)ရက်နေ့အထိ ဆယ်ရက်တာ ကာလ အတွင်းစုရပ်နေရာ(၈)နေရာတို့တွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရပြီး ကာကွယ်ဆေးထိုးနှံပေး ခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၉)အုပ်စုရှိ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့များမှတာဝန်ရှိသူများအားလုံး ဝိုင်းဝန်းပူးပေါင်း ကာကာကွယ်ဆေးထိုးနှံရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)