ရန်ကုန် သြဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးဆက်ပျံ့နှံ့မှုလျော့နည်း ကျဆင်းစေရေး အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ အသက် ၆၅ နှစ်နှင့်အထက် အသက် အရွယ်ကြီး ရင့်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက သန်လျဂ်မြို့ မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်သည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာသို့ ရပ်ကွက်နှင့်ကျေးရွာများမှ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အို များအား ပရဟိတ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီစေတနာ့လုပ်အားရှင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက သာသနာ့ဗိမာန်အဝင်ပေါက်မှနေ၍ နွေးထွေးစွာ ကြိုဆိုကြပြီး ကျန်းမာရေးစစ်ဆေးမည့်နေရာများသို့ ခေါ်ဆောင်ပေးကြကာ သန်လျင်မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန မြို့နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာ မြကြေးမုံနှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံကြမည့် အသက် ၆၅ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူအား ကိုယ်အပူချိန်တိုင်း ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီးမှသာ တစ်ဦးချင်း စီအလိုက် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (SINOPHARM)အား စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသော ထန်းပင်ကုန်းရပ်ကွက်နေ အသက် ၇၀ နှစ်ရှိ အဘ ဦးအောင်ငွေ၏ ရင်တွင်းစကားသံကို ယခုလိုဘဲ ကြားသိခဲ့ရပါတယ် အဘအိမ်မှာ အဘအမျိုးသမီးက အသက် ၇၀ နီးပါးရှိပြီး သမီးတွေနဲ့နေတာပါ နိုင်ငံတော်က အသက် ၆၅ နှစ်အထက်ရှိတဲ့သူတွေကို ကိုဗစ် ကာကွယ်ဆေးထိုးမယ်ဆိုပြီး ရပ်ကွက်နဲ့ ရွာထဲမှာ အသံချဲ့စက်နဲ့ သက်ဆိုင်ရာက လိုက်ပြီးအသိပေးတယ် ကာကွယ်ဆေးထိုးချင်တဲ့ အသက် ၆၅ အထက်ရှိသူတွေ ရာအိမ်မှူးတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့များထံမှာ စာရင်းပေးလို့ရတယ်ပြောပါတယ် အဘအမျိုးတွေက ရွာတွေဘက်မှာနေတာများကြတယ် ရွာထဲမှာတစ်ချို့က မထိုးဘူး တစ်ချို့က ထိုးမယ်ပေါ့ ဆေးထိုးလည်း ရောဂါကူးတာဘဲ ဘာမှမထူးပါဘူးလို့ပြောနေကြတယ် အဘကတော့ လေဒီယိုသတင်းတွေနားထောင်တယ် ၊ ရုပ်မြင်သံကြားက သတင်းတွေကြည့်ဖြစ်တယ် သူတို့ထင် သလိုမဟုတ်ဘူး ကာကွယ်ဆေးထိုးထားသူက ကာကွယ်ဆေးမထိုးထားသူနဲ့စာရင် တစ်ကယ်ရောဂါ ကူးစက်ခံ ရရင်တောင် ခံနိုင်ရည်ရှိတယ်လို့ သိထားတယ် ကိုယ်တိုင်တော့ ရောဂါမကူးအောင်ကာကွယ်နေထိုင်ရမှာဘဲလေ၊ အဘနဲ့ အဘအမျိုးသမီးက ဒီနေ့ကာကွယ်ဆေးထိုးတာပါ၊ အဘ သားသမီးတွေနဲ့ မြေးတွေအလှည့်ရောက် ရင်လည်း ကာကွယ်ဆေးသွားထိုးခိုင်းမှာပါဟု ပြောကြားသည်။
သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အသက် ၆၅ နှစ်နှင့်အထက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့် စာရင်းပေးလူဦးရေ ၁၉၁၀၅ ဦးရှိပြီး လူစုလူဝေးမဖြစ်စေရေးအတွက် နေ့စဥ် လူဦးရေ ၂၀၀ ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံလိုသော အသက် ၆၅ နှစ်နှင့် အထက်ရှိ သူများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံ စာရင်းပေးကြပါရန်နှင့် ကျန်းမာရေးဌာနမှ ကာကွယ်ဆေးထိုးနှံပေးမည့်ရက်များအတွင်း သတ်မှတ်နေရာတွင် လာရောက် ထိုးနှံရ မည်ဖြစ် ကြောင်း သိရသည်။
ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုကိုလည်း မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားရာတွင် ကျွန်မတို့ ကျန်းမာရေးဌာနဘက်ကတော့ ကာကွယ်ဆေးရတဲ့အပေါ်မူတည်ပြီး ပြည်သူတွေအားလုံးကို ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးသွားမှာပါ အခုထိုးပေးနေတာက အသက် ၆၅ နှစ်နှင့်အထက်ရှိတဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေးထိုးနှံပေးနေတာပါ၊ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ပရဟိတ စေတနာ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေကိုလည်း ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးမှာပါ ကျွန်မတို့ အဆင့်ဆင့်အုပ်စုအလိုက် အားလုံးကို ကာကွယ်ဆေးများ ထိုးပေးနိုင်အောင် ကြိုးစားနေပါတယ် ပြည်သူတွေဘက်ကလည်း ရောဂါကူးစက်မခံရအောင် ဂရုစိုက် နေထိုင်ပေးစေလိုတယ်ဟုပြောကြားသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူသို့ အသိပေးပန်ကြားချက်တွင် ပြည်သူတို့အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်မှသာ လုပ်ငန်းများအချိန်တိုအတွင်း အောင်မြင်မည်ဖြစ်ကြောင်းနှင့် ရောဂါကာကွယ်ရေးအတွက် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ အိမ်တွင် ဧည့်သည်လက်ခံခြင်း လုံးဝမပြုလုပ်ကြရန်၊၊ မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်း လုံးဝမပြုကြရန်၊ အိမ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီး ရင့်သူ (သို့မဟုတ်) ဆီးချို၊ သွေးတိုး၊ နှလုံး.စသည့် နာတာရှည်ရောဂါ တစ်ခုခုခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို တပ်ဆင်ထားစေရန်၊ လေဝင် လေထွက်ကောင်းသည့် နေရာတွင်နေစေရန်၊ မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို မဖြစ်မနေတပ်ဆင်ပါ၊ လက်ကို စနစ်တကျ ဆေးကြောကြရန်၊ အခြားသူများနှင့် (၆)ပေအကွာ ခပ်ခွာခွာနေရန်၊၊ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေး လုံးဝရှောင်ကြဉ်ရန်၊ ဖြစ်နိုင်ပါက တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ စျေးဝယ်ယူပါရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျတပ်ဆင်ထားခြင်း မရှိသော စျေးရောင်း သူများထံမှ စျေးမဝယ်ပါနှင့်၊ အပြင်ထွက်ရာမှ အိမ်ပြန်ရောက်သောအခါတွင် အိမ်သို့ရောဂါပိုးများ သယ်ဆောင် လာခြင်းမရှိစေရန် သတိပြုပါရန်၊ အသုံးပြုပြီးသော ပါးစပ်နှင့်နှာခေါင်းစည်း(Mask)နှင့် တစ်ခါသုံးပစ္စည်းများကို အိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ရန်၊ အဝတ်အစားမလဲမီ/ ကိုယ်လက် သန့်စင်ခြင်း မပြုမီ အိမ်သားများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန်၊ အလှည့်ကျရရှိသော ကာကွယ်ဆေးသည် မိမိအတွက်အကောင်းဆုံး ဖြစ်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ခံယူပါရန်၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာရန်၊ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တတ်နိုင်သည့် ဘက်မှ လူအင်အား၊ ငွေကြေး၊ ပစ္စည်း၊ ကျွမ်းကျင်မှု ပညာရပ်များဖြင့် စနစ်တကျပါဝင် ပူးပေါင်း ပံ့ပိုးပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်