မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက် (၆၅) နှစ်အထက် ဘိုးဘွား ( ၇၁၄) ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လာရောက် ထိုးနှံပြီးဖြစ်ကြောင်းသိရ

 

ရန်ကုန်  သြဂုတ် ၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဦးစားပေး အဆင့်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ရာ ပထမဦးစားပေးအနေဖြင့် အသက်(၆၅) နှစ်အထက် ဘိုးဘွားများကို သြဂုတ်လ (၁) ရက်နေ့မှစတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီတို့ ပူးပေါင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးမှုနှင့်ပတ်သက်၍ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်မျိုးအောင်က “ ကာကွယ်ဆေးတွေကို သြဂုတ်လ(၁) ရက်နေ့က စပြီး သိမ်ဖြူလက်ဝှေ့ရုံ မှာ စတင်ထိုးနှံပေးခဲ့ပါတယ်။ အဲ့ဒီနေ့မှာတော့ အသက်(၆၅) နှစ်အထက် ဘိုးဘွား (၁၀၀) ဦး ထိုးနှံပေးခဲ့ပါတယ်။ သြဂုတ်(၂) ရက်နေ့ကစလို့ သိမ်ဖြူလက်ဝှေ့ရုံအပြင် အ.ထ.က(၇)နဲ့ ရန်ကုန်ဘူတာကြီးမှာပါ နေရာခွဲပြီးဆေးထိုး နှံခြင်းလုပ်ငန်းတွေကို ဆောင်ရွက် ပေးခဲ့ရာမှာ သိမ်ဖြူလက်ဝှေ့ရုံမှာ (၂၄၀) ဦး၊ အ.ထ.က(၇) မှာ (၁၇၄) ဦးနဲ့ ရန်ကုန်ဘူတာကြီးမှာ (၂၀၀) ဦး စုစုပေါင်း (၆၁၄) ဦး ထပ်မံထိုးနှံပေးခဲ့ပါတယ် ။ ဘိုးဘွားတွေ ဆေးထိုး အလှည့်ပြီးရင် သတ်မှတ်ထားတဲ့ ဦးစားပေးအလွှာအတိုင်း ဆက်လက်ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယခုထိုးနှံပေးလျက်ရှိသည့် တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား Covid Vaccine များမှာ ဘေးထွက်ဆိုးကျိုးနည်းပါးသည့်အတွက် ကိုယ်ဝန်ဆောင်များပါ ထိုးနှံနိုင်သည့်ဆေးဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လာရောက်ထိုးနှံသင့်သည့် ကာကွယ်ဆေးဖြစ်ကြောင်း လည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများထံက သိရသည်။ မင်္ဂလာတောင် ညွန့်မြို့နယ်တွင် အသက်(၆၅) နှစ် အထက်စာရင်း ကောက်ယူထားသည့် ဘိုးဘွားဦးရေ (၇၁၈၁) ဦးရှိပြီး သြဂုတ်လ (၂) ရက်နေ့အထိ ကာကွယ်ဆေး လာရောက် ထိုးနှံပြီးသူ (၇၁၄) ဦး ရှိပြီ ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးခြင်းကို သတ်မှတ် နေရာများတွင် ဆက်လက် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ချစ်စုဝေ