တွံတေးမြို့နယ်တွင် အသက် ၆၅ နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင် ထိုးနှံပေး

တွံတေး သြဂုတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် အုန်းပင်စုရပ်ကွက်၊ အ.ထ.က(၁) ယုဇနခန်းမတွင် ရွှေဆံတော် ရပ်ကွက်ရှိ အသက် ၆၅ နှစ်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံသည့် နေရာသို့ တွံတေးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်၊ အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာမှူး ဒေါက်တာ မျိုးဇော်လှနှင့် အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ဘိုးဘွားများအား သွားလာမှုအဆင်ပြေစေရေး စောင့်ရှောက်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း သတ်မှတ်အကွာအဝေး နေထိုင်ခြင်းများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် နောက်ထပ်ဆေးထိုးရန် ကျန်ရှိနေသော မိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့် နေ့ရက်အချိန် နေရာတို့ကို ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။

တွံတေးမြို့ ကာကွယ်ဆေးထိုးနှံရာတွင် ဆေးရရှိမှုအပေါ်မူတည်၍ ဦးစားပေးအဆင့် ဦးတည်အုပ်စုများ ဖြစ်သည့် ဆေးထိုးရန်ကျန် ရှိသော အသက်(၆၅) နှစ်အထက် မိဘပြည်သူ (၁၃၃၈၃)ဦး၊ ကျန်းမာရေး ဝန်ထမ်း(၁၀၆)ဦး၊ စေတနာ့ဝန်ထမ်း(Volunteer) (၂၀၀)ဦး၊ ပုဂ္ဂလိကဆေးခန်းမှ ကျန်းမာရေးဝန်ထမ်း များ၊ နိုင်ငံ့ဝန်ထမ်းများ၊ မိဘပြည်သူများကို ဦးစားပေးအဆင့်အလိုက် အမြန်ဆုံး ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။

 တွံတေးမြို့နယ်တွင် ကာကွယ်ဆေးထိုးရန် (၁၈၀၁၉၂)ဦး ထိုးနှံရန်ရှိပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းက အိန္ဒိယနိုင်ငံထုတ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး COVISHE ကို ထိုးနှံပေးရာ အသက်(၆၅) နှစ်အထက် အဘိုးအဘွားများ၊ ကျန်းမာရေးဝန်ထမ်း များ၊ စေတနာ့ဝန်ထမ်းများ၊ (Volunteer)၊ နိုင်ငံဝန်ထမ်းများ၊ သာသနာ့ဝန်ထမ်းဘုန်းတော်ကြီးနှင့် သီလရှင်များ၊ ပြည်သူလူထု စုစုပေါင်း (၅၁၁၉)ဦးကို နှစ်ကြိမ်ထိုးနှံပေးနိုင်ခဲ့ရာ ယခု ၂၀၂၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ရောက်ရှိလာသည့် တရုတ်နိုင်ငံထုတ်  Vero Cell – Inactivated 6.5 U/0.5 ml ကာကွယ်ဆေးကို တွံတေးမြို့နယ်အတွက် ခွဲတမ်းလူဦးရေ(၁၆၀၀)အတွက် ကာကွယ်ဆေး အလုံး(၈၀၀) ရရှိကာ ဆေးထိုးနှံ မည့် စုရပ်များဖြစ်သော မြို့နယ်ပြည်သူ့ဆေးရုံ စည်းဝေးခန်းမ၊ အ.ထ.က (၁) ယုဇနခန်းမ၊ သာသနာ့ ဗိမာန်တော်ကြီး၊ ခတ္ထိယတိုက်နယ်ဆေးရုံး၊ ကရင်ချောင်းတိုက်နယ်ဆေးရုံတို့ တွင် ကာကွယ်ဆေးထိုးရန် လျာထာပြီး ယမန်နေ့တွင် အ.ထ.က(၁)ယုဇနခန်းမ၌ ပထမဦးဆုံး ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မျိုးဇော်လှထံမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ စုရပ် ၅ နေရာကို

အလှည့်ကျ အမြန်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ ရွှေဆံတော်ရပ်ကွက်ရှိ ဘိုးဘွား (၄၃၃)ဦးကို နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ထိုးနှံပေးသွားကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ကာကွယ်ဆေးနှင့် ဓာတ်တည့်မှုရှိ၊ မရှိနှင့် ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုး များ ရှိ၊ မရှိအတွက် သက်မှတ်နေရာများတွင် နာရီဝက်ခန့် စောင့်ကြည့်စေပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။