ဟိုပန် ဩဂုတ်၃
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် အသက်(၆၅)နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ထိုးနှံပေးရာ ယနေ့တွင်ဟိုပန်မြို့၊ “ဝ”ဘုရားရှစ်ခိုးကျောင်းတွင် နံနက်(၉)နာရီမှစ၍ (တတိယနေ့)ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်မှ အနီးကပ်ကြီးကြပ်၍ ဌာနဆိုင်ရာများမှ ကိုဗစ်စည်းကမ်းချက်များနှင့်အညီ အုပ်စုအမျိုးအစားအလိုက် ကာကွယ်ဆေးစနစ်တကျထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ပေးပြီး မြို့နယ်ဆရာဝန်ကြီးဒေါက်တာပြည့်ကိုကိုနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော် ဆေးဝန်ထမ်းများကသွေးပေါင်ချိန်ပေးခြင်း၊ကျန်းမာရေး စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးနေမှုကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး အားဖြည့်အချိုရည်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယနေ့ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေမှာ အသက်(၆၅)နှစ်နှင့်အထက်(၂၄)ဦး၊သံဃာတော်(၁၃)ပါး၊ ဓမ္မဆရာ(၉)ဦး၊Volunteer (၃၅)ဦး၊ နိုင်ငံ့ဝန်ထမ်း(၁၁၂)ဦး၊ ဟော်တယ် / တည်းခိုခန်း(၂၄)ဦး၊ အချုပ်သား(၂)ဦး၊ ပို့ဆောင်ရေး(၂၆)ဦး၊ ဈေးသူ/ဈေးသား (၅၂)ဦး၊ စုစုပေါင်း(၂၉၆)ဦးတို့အား ထိုးနှံပေးနိုင်ခဲ့ပြီး ဩဂုတ်လ ၂ ရက်နေ့ထိ (၇၁၄)ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။
ဦးသိန်းအောင်