မင်္ဂလာဒုံ ဩဂုတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ် နှင့်အထက် မိဘပြည်သူများနှင့် Volunteer များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီမှစတင်၍ မင်္ဂလာဒုံ မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ထိုးနှံဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရမှု နှင့်ပတ်သက်ပြီး မင်္ဂလာဒုံမြို့နယ် ကျိုက္ကလော့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ‘‘ကာကွယ်ဆေးကို ထိုးချင်နေတာ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ရောဂါဖြစ်တဲ့ လူတွေ တွေ့နေရပါတယ်။ ကိုယ်က လူမှုကူညီရေးအသင်းမှာ ဆောင်ရွက် နေတာဖြစ်တဲ့အတွက် ကိုယ်ကလည်း ကာကွယ်ဆေး ထိုးထားပြီးဖြစ်တော့ ပရဟိတ လုပ်ငန်းကို စိတ်သန့်သန့်နဲ့ ယုံကြည်မှုရှိစွာ လုပ်ကိုင်နိုင်ရန်အတွက် အခုလို လာရောက်ထိုးခြင်း ဖြစ်ပါတယ်။ ဒုတိယအကြိမ်ကိုလည်း သတ်မှတ်ချက်အတိုင်း ပြန်လာထိုးမှာပါ ကာကွယ်ဆေး ထိုးလိုက်ရတဲ့အတွက် စိတ်ထဲမှာတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှု ပိုမိုရရှိလာမိတယ်” ဟုပြောသည်။
မင်္ဂလာဒုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးစုရပ်အဖြစ် မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၌ စီစဉ်ဆောင်ရွက်ထားရှိပြီး နေ့စဉ်နံနက် ၁၀ နာရီအချိန်မှ စတင်၍ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေး သွားမှာဖြစ်ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အသက်(၆၅)နှစ် နှင့်အထက် မိဘပြည်သူများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် ကာကွယ်ဆေး မထိုးရသေးသည့် ကျန်းမာရေး ဝန်ထမ်းများနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဆောင်ရွက်နေသော ကာကွယ်ဆေးမထိုးရသေးသည့် စေတနာ့ ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများရှိ ဘိုးဘွားမိဘပြည်သူများ၊ သာသနာ့ဝန်ထမ်းများ၊ ဘုန်းတော်ကြီးများနှင့် သီလရှင်များ၊ ကာကွယ်ဆေး မထိုးရသေးသည့် နိုင်ငံ့ဝန်ထမ်းများ စသည်ဖြင့် သတ်မှတ်ဦးစားပေး အုပ်စုများအလိုက် အဆင့်ဆင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)