ကာကွယ်ဆေးထိုးနှံပေးတဲ့နေရာမှာ အဓိကလုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ကာကွယ်ဆေးထိုးနှံပေးတဲ့နေရာတွေမှာ ဝိုင်းဝန်းပူးပေါင်းပါဝင်ကူညီဆောင်ရွက်နေကြတဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ဆေးလာရောက်ထိုးနှံကြတဲ့ အဘိုးအဘွားတွေ့ရဲ့ ရင်ထဲက ပီတိစကားသံလေးတွေကို တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။
ဦးထွန်းအေးလှ၊ ကျန်းမာရေးမှူးအဆင့်(၁)
စစ်တွေခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန။
မေး။ ။ အခုလိုမျိုး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့အခြေအချိန်မှာ ပြည်သူတွေကို ဆရာတို့ တတ်ကျွမ်းထားတဲ့ပညာတွေနဲ့ ကာကွယ်ဆေးထိုးနှံပေးတဲ့နေရာမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်ရတဲ့ အတွက် ဆရာရဲ့ ရင်ထဲကခံစားရတဲ့ ရသလေးတွေကို ပြောပြပေးပါလားရှင့်။
ဖြေ။ ။ ကျွန်တော်တို့ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့အချိန်မှာပေါ့ ကျွန်တော်တို့ တတ်ထားတဲ့ ပညာတွေနဲ့ နိုင်ငံတော်အကြီးအကဲတွေရဲ့ကူညီမှုနဲ့ရရှိလာတဲ့ ကာကွယ်ဆေးတွေကို အသက်ကြီးအဘိုး အဘွားတွေကို ထိုးနှံပေးခွင့်ရတဲ့အတွက် အရမ်းကိုဝမ်းသာမိပါတယ်၊ ဒါဟာ ကျွန်တော်တို့တတ်ကျွမ်းတဲ့ ပညာနဲ့ ကျွန်တော်တို့ချစ်တဲ့ပြည်သူတွေ၊ ကျွန်တော်တို့ရဲ့အမျိုးတွေကို ကူညီခွင့်ရတာဘဲ၊ ကျွန်တော်တို့ပြည်သူတွေ၊ ကျွန်တော်တို့အမျိုးတွေ ဒီကာကွယ်ဆေးကို ထိုးနှံရတဲ့အတွက် ကျွန်တော့်အနေနဲ့ဂုဏ်ယူပါတယ်၊ ဒီကာကွယ်ဆေးကို ထိုးရတဲ့အတွက် ပြည်သူတွေရောဂါကို ကာကွယ်နိုင်ခဲ့မယ် ခုခံနိုင်ခဲ့မယ်၊ စိတ်ဓာတ်ခွန်အားတွေ တက်လာမယ်ဆိုရင် ကျွန်တော်တို့ဆေးထိုးပေးရတာ အကျိုးရှိသွားပါပြီ၊ ဒီလိုမျိုးကျွန်တော်တို့တတ်နိုင်သလောက် လုပ်ပေးခွင့်ရတဲ့အတွက် ဝမ်းသာမိသလို၊ လုပ်ပေးခွင့်ဆေးထိုးပေးခွင့် ရတဲ့အတွက်လည်း ရင်ထဲမှာ အမြဲကျေနပ်နေမိမှာ ဖြစ်ပါတယ်၊ အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။
မေး။ ။ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့အခါ ဘယ်လိုအခက်အခဲတွေရှိပါသလဲရှင့် ပြောပြပေးပါလား။
ဖြေ။ ။ ဆေးထိုးတာနဲ့ပတ်သက်ပြီးတော့ အခက်အခဲမရှိပါဘူး။ ကျွန်တော်တို့ဝန်ထမ်းတွေက လေ့ကျင့်ထားပြီးသားလေ။ ကာကွယ်ဆေးတွေရောက်လာတော့ ဘယ်နေ့မှာ ဘယ်နေရာမှာထိုးရမယ်၊ ဘယ်နေ့မှာ ဘယ်ရပ်ကွက်က လူတွေကို ထိုးပေးမယ် အားလုံးစနစ်တကျ စီစဉ်ရေးဆွဲ လုပ်ဆောင်တဲ့အတွက် အဆင်ပြေပါတယ်။ ဒီလုပ်ငန်း တွေက ကျွန်တော်တို့ကျန်းမာရေးဝန်ထမ်းတွေရဲ့ အမြဲလုပ်နေတဲ့ အလုပ်တွေဖြစ်တဲ့အတွက် အခက်အခဲ တော့မရှိပါဘူး၊ ဟုတ်ကျေးဇူးပါ။
ဦးဘသိန်း၊ အသက် (၆၈)နှစ်
ပြည်တော်သာရပ်ကွက်၊ စစ်တွေမြို့။
မေး။ ။ ဦးလေးအနေနဲ့ပေါ့ ဒီကိုဗစ်ကာကွယ်ဆေးကို ထိုးပြီးပြီဆိုတော့ ဒီဆေးနဲ့ပတ်သက်ပြီးတော့ ဦးလေးအနေနဲ့ ဘယ်လောက်အထိ ယုံကြည်မှုတွေ ရှိပါသလဲခင်ဗျာ
ဖြေ။ ။ ဒီနေ့ကျနော်ဆေးထိုးပြီးပါပြီ၊ ဆေးထိုးတာ တော်တော့ကိုယ်နာမယ် လို့ထင်ခဲ့တယ်၊ ဒါဘယ်မယ့် မနာပါဘူး၊ ဒါကြောင့် ပြည်သူပြည်သားတွေအနေနဲ့ ဒီလိုဆေးထိုးရဖို့ဆိုတာ လွယ်တာ တော့မဟုတ်ဘူး၊ ဒါကြောင့် အားလုံးလာပြီးတော့ ဆေးထိုးကြစေချင်ပါတယ်၊
မေး။ ။ ဟုတ် ဦးလေးအနေနဲ့ ဆေးမထိုးခင်အခြေအနေနဲ့ ဆေးထိုးပြီးတဲ့အနေအထားမှာ ဘယ်လို မျိုးတွေ ခံစားရပါလဲခင်ဗျာ၊ ဒီနေ့ဆေးထိုးပြီးတဲ့အခါမှာကော ယုံကြည်မှုတွေ၊ စိတ်ဓာတ်ခွန်အားတွေ ဘယ်လောက်ထိရှိလာပြီလဲခင်ဗျာ။
ဖြေ။ ။ ဆေးမထိုးခင်ကတော့ စိုးရိမ်မှုတွေရှိတာပေါ့၊ အခုကတော့ ကျနော်ဆေးထိုးထားပြီ ရောဂါကို ခံနိုင်ပြီးဆိုပြီးတော့ စိတ်ခွန်အားတွေတိုးတက်လာပါတယ်၊ ဒီရောဂါအတွက် မစိုးရိမ်ရတော့ဘူးလို့ ထင်မိပါတယ်၊ အရင်ဆေးထိုးတုန်းကတော့ ရပ်ကွက်ရုံးကတော့ ဆေးထိုးဖို့ခေါ်ခဲ့ပါတယ်၊ အဲ့ဒီတုန်းက မထိုးဖြစ်တာက ဆေးထိုးတာက ကောင်းပါ့မလားလို့ သံသယရှိခဲ့ပါတယ်၊ အခုနောက်ပိုင်းမှာတော့ ကမ္ဘာတစ်ဝှမ်းမှာရောဂါက ဖြစ်လာတာဆိုတော့ မထိုးလို့မရတော့ဘူးပေါ့၊ ကာကွယ်မှုက အကောင်းဆုံးဆိုပြီးတော့ စိတ်ကူးပေါ်လာပါတယ် ဒါကြောင့်အခုအချိန်မှာ လာပြီးတော့ ထိုးတာပါ၊ ဒီလိုဆေးထိုးပေးတဲ့အတွက် တာဝန်ရှိတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။
မေး။ ။ ဒီလိုဆေးထိုးခွင့်ရတဲ့အတွက် ဦးလေးရဲ့ ခံစားချက်လေးကို တစ်ဆိတ်လောက် ပြောပြပေးပါ လားခင်ဗျာ။
ဖြေ။ ။ ရင်ထဲကခံစားရတာကတော့ ကျွန်တော့လို့ စိတ်သောကရောက်နေတဲ့လူတွေ အခုဆေးထိုး လိုက်တော့ စိတ်သောကပြေသွားတာပေါ့၊ ရောဂါကူးစက်မှုမရှိနိုင်တော့ဘူးပေါ့၊ ရှိရင်လည်း မခံစား ရတော့ဘူးပေါ့၊ ဒါကြောင့်အားလုံးပြည်သူတွေအနေနဲ့ ယုံယုံကြည်ကြည်နဲ့ပေါ့၊ တစ်ချို့လူတွေကတော့ ဆေးထိုးတာကို မယုံကြည်တာတွေလည်းရှိပါတယ်၊ ကျွန်တော်ကတော့ ယုံယုံကြည်ကြည်နဲ့ လာရောက်ဆေးထိုးကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။ ဒီကိုဗစ်လှိုင်းက ပထမလှိုင်း၊ ဒုတိယ လှိုင်းနဲ့မတူတာကတော့ ကူးစက်မှုနှုန်းမြန်တယ်လေ၊ ကျွန်တော်တို့အသိုက်အဝန်းမှာဆိုရင် ကျွန်တော် တို့နဲ့ သက်တူရွယ်တူတွေ ရောဂါအခံရှိတဲ့သူတွေ တဖြုတ်ဖြုတ်နဲ့သေနေကြတယ်၊ စိုးရိမ်သောက ကသိပ်များပါတယ်၊ ရပ်ကွက်မှာလူတွေကလည်း အိမ်ထဲက အိမ်ပြင်ကို မထွက်ကြတော့ဘူး၊ အစား အသောက်က အစဈေးဝယ်တာတွေထိ မသွားရောက်ကြတော့ဘူးအခက် အခဲဖြစ်နေကြတယ်။ အခုလို အခြေအနေမှာ ဒီလိုလာရောက်ပြီးတော့ဆေးထိုးပေးကြတဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်။
ဒေါ်မမြသိန်း၊ အသက်(၆၆)နှစ်
ပြည်တော်သာရပ်ကွက်၊ စစ်တွေမြို့
မေး။ ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးဖြစ်တဲ့ အကြောင်းလေးကို ပြောပြပေးပါလားရှင့်
ဖြေ။ ။ အခု အသက်(၆၅) နှစ်နှင့်အထက် ပြည်သူတွေကို ဆေးထိုးပေးနေတယ်၊ အမေသွားပြီး ဆေးထိုးကြရအောင်လို့ သားနဲ့သမီးကခေါ်လာလို့ ဆေးလာထိုးတာပါ၊ သားနဲ့သမီးက ဝန်ထမ်းတွေဆိုတော့ ကာကွယ်ဆေးထိုးပြီးကြပြီပေါ့၊ အရင်တစ်ကြိမ်ကာကွယ်ဆေးထိုးတဲ့အခါက အဒေါ်က သွေးနည်းနည်းတိုးတယ် ဆီးချိုနည်းနည်းတက်နေတယ်၊ အဲ့ဒါကြောင့် မထိုးလိုက်ရဘူး၊
မေး။ ။ အခုလို ကာကွယ်ဆေးထိုးခွင့်ရတဲ့အပေါ် အဒေါ်အနေနဲ့ ဘာများပြောချင်ပါလဲရှင့်
ဖြေ။ ။ အခုက ကိုဗစ်-၁၉ ရောဂါ ကလည်းဖြစ်ပွားတဲ့နှုန်းက များလာတယ်၊ ကိုယ့်မှာကလည်း ရောဂါတွေကရှိတော့ ဆေးထိုးခွင့်ရတာ အရမ်းကို ဝမ်းသာမိတယ်၊ အခု ဆေးလည်းထိုးပြီးသွားပြီ ကိုယ့်မှာရောဂါတွေ ရှိရင်လည်း ဆေးထိုးထားတဲ့အတွက် လုံခြုံသလိုခံစားရတယ်၊ အဒေါ်တို့ ရပ်ကွက် မှာတော့ ဆေးထိုးဖို့သွားတဲ့ လူတွေများပါတယ်၊ ဒီလိုမျိုး တာဝန်ရှိတဲ့လူတွေက ကာကွယ် ဆေးထိုးနှံ ပေးဖို့ ကူညီလုပ်ဆောင်ပေးတဲ့အချိန်၊ အခွင့်အရေးရရှိတဲ့ အချိန်မှာပေါ့ ပြည်သူတွေ အနေနဲ့ လာရောက် ပြီးဆေးထိုးကြပါလို့ တိုက်တွန်းလိုပါတယ်။
ဦးမြင့်ထွေး
ရခိုင်ပြည်နယ်၊ ကြက်ခြေနီတပ်ဖွဲ့မှူး
မေး။ ။ အခုကာကွယ်ဆေးထိုးပေးနေတဲ့အပိုင်းမှာ ဆရာတို့အနေနဲ့ ဘယ်အပိုင်းတွေက ပါဝင်ဆောင် ရွက်ပေးနေတယ် ဆိုတာလေး သိပါရစေဆရာ။
ဖြေ။ ။ ဟုတ်၊ ကျွန်တော်တို့ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်တွေမြို့မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးတဲ့နေ့ကစတင်ပြီးတော့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းစု ရပ်၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းစုရပ်တွေမှာ ကူညီဆောင်ရွက်ပေးနေသလို၊ ဒီနေ့မှာလည်း အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း (မင်းဂံ)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနဲ့ ပါဒလိပ်ကျေးရွာရှိတဲ့ လူငယ်စင်တာစုရပ်တွေမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်း ပြီးတော့ ဆေးထိုးတဲ့နေရာမှာ ကူညီဆောင်ရွက်ပေးနေပါတယ်။ ဆေးလာရောက်ပြီးတော့ ထိုးနှံကြတဲ့ သက်ကြီးအဘိုးအဘွားတွေကို ဆေးထိုးတဲ့နေရာတွေမှာ နေရာချပေးတာတွေ၊ ကိုယ်အပူချိန်တိုင်း ပေးတာတွေ၊ သွေးပေါင်ချိန်တိုင်းပေးတာတွေနဲ့ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာ ပေးတာတွေကိုကိုလုပ်ဆောင်ပေးနေပါတယ်။
မေး။ ။ ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတာနဲ့ ပတ်သက်ပြီးတော့ ဆရာအနေနဲ့ ပြည်သူတွေကို ဘာများပြောချင်ပါသလဲခင်ဗျာ။
ဖြေ။ ။ အခုဆိုရင် ကိုဗစ်ရောဂါကြောင့် ပြည်သူတွေအထိအနာများနေပြီလေ၊ ဆုံးရှုံးမှုတွေရှိနေပြီး ကျွန်တော်တို့ရဲ့ လူစွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးနေပြီ၊ ဒီအချိန်မှာ နိုင်ငံတော်အကြီးအကဲတွေက အသက်(၆၅)နှစ်နှင့်အထက်အသက်အရွယ်ကြီးရင့်သူတွေကို ဦးစားပေးအနေနဲ့ ကာကွယ်ဆေးထိုးနှံ ပေးတဲ့အခါ ကိုယ့်ရဲ့မိဘ၊ အဘိုးအဘွားတွေရဲ့ ကျန်းမာရေးအတွက် ဆေးထိုးဖို့လာရောက် ပို့ဆောင်ပေးသင့်တယ်၊ တခြားသူတွေကိုလည်း ဆေးထိုးကြဖို့ တိုက်တွန်းသင့်တယ်လို့ပြောချင်ပါတယ် ခင်ဗျာ။
ဦးကျော်လင်း၊ ဦးစီးအရာရှိ
စစ်တွေမြို့နယ်မီးသတ်ဦးစီးမှူး
မေး။ ။ ကာကွယ်ဆေးထိုးနှံပေးတဲ့နေရာမှာ ဆရာတို့အနေနဲ့ ပါဝင်ဆောင်ရွက်ရတဲ့အပိုင်းလေးကို ပြောပြပေးပါခင်ဗျာ။
ဖြေ။ ။ ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ ကာကွယ်ဆေးထိုးဖို့လာရောက်ကြတဲ့ သက်ကြီး အဘိုးအဘွားတွေ၊ တချိုသွားလာရခက်ခဲတဲ့ပြည်သူတွေကို ကြက်ခြေနီတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီး တော့ နေရာချထားပေးတာ၊ ဆေးထိုးပြီးတဲ့အခါ စောင့်ဆိုင်းနေတဲ့နေရာတွေမှာ အဆင်ပြေအောင်ကူညီ ဆောင်ရွက်ပေးတာတွေ လုပ်နေပါတယ်၊ အဘိုးအဘွားတွေ ဆေးထိုးတဲ့နေရာမှာအဆင်ပြေအောင်ပေါ့၊ နောက်ပြီးတော့ သွားတာလာတာအဆင်ပြေအောင်ပေါ့ နောက်ပြီးတော့ ကျန်းမာရေးဝန်ထမ်းတွေ အတွက် လိုအပ်တာလေးတွေ အဆင်ပြေအောင်အထိပေါ့ တခြားဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပါဝင်ကူ ညီပေးနေပါတယ်။
မေး။ ။ ကာကွယ်ဆေးမထိုးနှံသေးတဲ့ ပြည်သူတွေကို ဆရာ့အနေနဲ့ဘာများပြောချင်ပါလဲ ခင်ဗျာ။
ဖြေ။ ။ အခုလိုမျိုး ကိုဗစ်ရောဂါကူးစက်မှုနှုန်းမြင့်နေတဲ့အချိန်မှာ ကာကွယ်ဆေးထိုးနှံပေးတာကို ယုံယုံကြည်ကြည်နဲ့လာရောက်ထိုးနှံကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။ ပြည်သူအပေါင်းလည်း ကပ်ရောဂါဘေးမှ ကင်းဝေးနိုင်ကြပါစေ။
တွေ့ဆုံမေးမြန်း- အေးအေးအောင်၊ တင်ထွန်း(ပြန်/ဆက်)
ဓာတ်ပုံ -တင်ထွန်း(ပြန်/ဆက်)