မိုးနဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်‌တော်၊ ကြက်ဥနှင့် နှာခေါင်းစည်းများ ဆက်ကပ်လှူဒါန်း

မိုးနဲ   ဩဂုတ်  ၂

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဘုန်းတော်ကြီးကျောင်းအသီးသီးတွင် ဝါတွင်းကာလ ဆွမ်းကိစ္စ အဆင်‌ပြေစေရန်အတွက် ပေးပို့လှူဒါန်းသော ဆွမ်းဆန်တော်များကို ယနေ့နံနက်  ၈ နာရီအချိန်က မိုးနဲမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဘုန်းတော်ကြီးကျောင်း အသီးသီးသို့ ဆက်လက်ပေးပို့ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ယင်းသို့ သွားရောက်လှူဒါန်းရာ မြို့နယ်စီမံခန့်ခွဲမှူကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနီဝင်း၊ မြို့နယ်သာသနာရေးဦးစီးမှူး ဦးပြည့်ဖြိုးကျော်နှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသောဆွမ်းဆန်တော်နှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ လှူဒါန်းသော ကြက်ဥနှင့် နှာခေါင်းစည်းများကို ဆက်ကပ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးနဲမြို့နယ်(ကျိုင်းတောင်းမြို့) အပါအဝင် ဆွမ်းဆန်တော် ၈၁ အိတ်ကို ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်ပြီး မိုးနဲမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်း ၄၅ ကျောင်း၊ ကျိုင်းတောင်းမြို့တွင် ဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်း စုစုပေါင်း ၆၇ ကျောင်းရှိကာ ကျန်ရှိသောကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများသို့လည်း ဆက်လက် ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ