ရွာငံ ဩဂုတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ် အထက်ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီက ရွာငံမြို့ဗထူးခန်းမ၊ ရေဦး၊ မြိုင်၊ မြင်းကျဒိုးနှင့် မြို့ကြီး ကျေးရွာများရှိ အထက များ၌ ဇုန်(၅)ဇုန်ခွဲ၍ ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးထိုးနှံရာတွင် ရွာငံမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဦး က စနစ်တကျစီမံဆောင် ရွက်ကာ သွားရောက်ကြည့်ရှုပေးခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါတ်တာအေးသန္တာနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ က အပူချိန်၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများနှင့်အတူ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြပြီး ထိုးနှံပြီးသူများအား မိနစ်(၃၀)ခန့် နားနေစေကာ ကျန်းမာရေးအခြေအနေများကို မေးမြန်းဆောင်ရွက်ပေးခဲ့ကြသည်။
ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကို Sinopharm အမျိုးအစား ဆေးပုလင်း(၉၅၂)ပုလင်းဖြင့် အသက်(၆၅)နှစ်အထက် (၆၁၀)ဦး၊ Volunteer/ ပရဟိတအဖွဲ့(၃၉)ဦး၊ ဘုန်းကြီး/သီလရှင်/ သာသနာရေးအဖွဲ့(၁၆၆)ဦး၊ နိုင်ငံ့ဝန်ထမ်း(၇၆)ဦး၊ နိုင်ငံဝန်ထမ်းမိသားစု (၁၄) ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း (၁၀)ဦး၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံ ဝန်ထမ်း (၁၅)ဦး၊ ဟိုတယ်/မော်တယ်/ တည်းခိုခန်း (၃)ဦး၊ အကျဉ်း/အချုပ်သားများ (၃)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်း (၁၁၇)ဦး၊ Super Market/ ဈေး (၃၅၁)ဦး စုစုပေါင်း (၁၄၉၄)ဦးတို့ကို ဆေးပုလင်း (၇၅၂)ပုလင်းအသုံးပြု ထိုးနှံပေးခဲ့သည်။ ကျန်ရှိသည့်ဆေးပုလင်း (၂၀၀)အား ရွာငံမြို့နယ် ပြည်သူ့ဆေးရုံရှိ ရေခဲသေတ္တာအအေးခန်း၌ ထားရှိဆောင်ရွက်လျက်ရှိပြီး ဩဂုတ်လ(၂)ရက်နေ့တွင် မြို့ကြီးကျေးရွာ ဓမ္မာရုံနှင့် မြင်းကျဒိုးအထက တို့တွင် ဆက်လျှက်ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ရွာငံ)