မလှိုင် ဩဂုတ် ၂
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အောက်ဆီဂျင်ပြတ် လပ်မှု မရှိစေရန် မြို့မမြို့ဖများ၏ ဦးဆောင်မှုဖြင့် အများပြည်သူသုံး အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၇)နာရီအချိန်က စက်ရုံတည်ဆောက်မည့် မိတ္ထီလာ-မြင်းခြံကားလမ်း အရှေ့ဖက် လယ်ကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၈ဝ /၂ဝ၆၇ )၊ ဦးပိုင်အမှတ်( ၃၁/၁) ၌ ပြုလုပ်ခဲ့ကြောင်း သိရသည် ။
အောက်ဆီဂျင်စက်ရုံအဆောက်အဦးမှာ အလျား(၃ဝ)ပေ၊ အနံ(၂ဝ)ပေ၊ အမြင့် (၁၅)ပေ ရှိပြီး မင်္ဂလာအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က စက်ရုံ၏ ဦးရူတိုင် ပန္နက်ကိုစိုက်ထူပေခဲ့ပြီး အဆောက်အဦး၏ ကျန်ပန္နက်တိုင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဖြစ်ကြသော ဗိုလ်မှူးဌေးသန်း၊ ဦးကျော်ငြိမ်း၊ အတွင်းရေးမှူးရဲမှူးထိန်လင်းမောင်၊ စက်ရုံဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းထိုက်၊ အတွင်းရေး မှူး ဦးကုဋေအောင်တို့က စိုက်ထူပေးခဲ့ကြသည် ။
အောက်ဆီဂျင်စက်အား မလှိုင်မြို့နေ ဦးကိုကို+ဒေါက်တာဖြူဖြူစိန် မိသားစု ( မိသားစု ကိုယ်ပိုင် အထက်တန်း ကျောင်း ) မှ JALIER အမှတ်တံဆိပ် 20m3 /Hour 150bar Automatic Fitting System အတွက်တန်ဘိုးငွေ ကျပ် (၆၁ဝ)သိန်းအားလှူဒါန်းပြီး စက်ရုံတည်ဆောက်မည့်မြေနေရာအား မလှိုင်မြို့၊ အမှတ်(၂)ရပ်ကွက် ၊ မြို့ဦးကွက်သစ်နေ ဦးသိန်းထိုက်+ဒေါ်အေးအေးနွယ် မိသားစု( ကြယ်ငါးပွင့် လက်ဘက် စပ်ချဉ်လုပ်ငန်း ) မှ ကာလတန်ဘိုးငွေကျပ် သိန်း (၂ဝဝ) တန်ဘိုးရှိ မြေ( ဝ ဒသမ ၈) ဧက နှင့် လျှပ်စစ် ဓါတ်အားရရှိရေး အတွက် (၄၂ဝဝ)ပေ အရှည်ရှိ 11 KVA ဓါတ်အားလိုင်း တည်ဆောက်ရေးအတွက် ငွေကျပ်သိန်း(၂၂ဝ)၊ 100 KVA Transformer နှင့် ဆက်စပ် ပစ္စည်းများ အတွက် တန်ဘိုးငွေကျပ်(၁၂၅) သိန်းကို မလှိုင်မြို့ထန်းတောကျေးရွာနေ ဦးဌေး(ဇာတိမာန် ဆီစက် မိသားစု) မှလှူဒါန်း ထားရှိကြောင်း သိရသည်။
အဆိုပါစက်ရုံ တည်ဆောက်ရန် ရက်(၂ဝ) ကြာမြင့်မည်ဖြစ်ကြောင်းသိရပြီး စက်ရုံတည်ဆောက်ပြီးစီးပါက တစ်နေ့လျှင်(40 L ) အိုး အလုံး( ၈ဝ မှ ၁ဝဝ)ထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည် ။
အောင်ဌေး(မလှိုင်)