လမ်းမတော်မြို့နယ်တွင် အသက် ၆၅ နှစ်နှင့် အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ရန်ကုန် သြဂုတ် ၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာ မခွဲခြားဘဲ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီမှ စတင်၍ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၊ မြမာလာခန်းမတွင် ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် လမ်းမတော်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးဌာနမှူး ဒေါက်တာအောင်ကိုကိုနှင့် သူနာပြုဆရာမများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို၊ လမ်းမတော်မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၅၀)ဦးအား စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ၊ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးကာ၊ ပုံမှန်အနေအထားရှိမှသာ၊ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာပါက ဆက်လက်တိုးမြှင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လမ်းမတော်မြို့နယ်တွင် ရပ်ကွက်ပေါင်း(၁၃)ရပ်ကွက်ရှိပြီး နေ့စဉ်ကျန်ရှိနေသော ရပ်ကွက်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ရက်တစ်ပတ်လျှင်ငါးရက်၊ နံနက် ၁၁ နာရီမှ မွန်လွဲ ၂ နာရီအချိန်ထိ ဆက်လက်ထိုးနှံသွားမည်ဖြစ်ရာ ကွယ်ဆေးထိုးရန် ဦးတည်အုပ်စုများဖြစ်သော အသက်၆၅နှစ်နှင့်အထက်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများနှင့် မြို့နယ်အတွင်းရှိ စေတနာလူမှုကူညီးရေးအသင်းများမှ လုပ်အားပေး Volunteer များ စုစုပေါင်း (၄၆၉၆)ကျော်ကို ဦးစားပေးအလိုက် ထိုးနှံပေးမည်ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးသက်နှောင်ဖြူနှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စေတနာ လူမှုကူညီရေး အသင်းများက လုံခြုံရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်

ကျော်ဆန်းမြင့်