တွံတေး သြဂုတ် ၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့်အုန်းပင်စုရပ်ကွက်၊ အ.ထ.က( ၁) ယုဇနခန်းမတွင် ရွှေဆံတော်ရပ်ကွက်ရှိ အသက် ၆၅ နှစ်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်၉နာရီကကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံသည့်နေရာသို့ တွံတေးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်၊ အဖွဲဝင်များ၊ မြို့နယ်ကိုဗစ် - ၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာမှူး ဒေါက်တာမျိုးဇော်လှနှင့် အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ဘိုးဘွားများအား သွားလာမှုအဆင်ပြေစေရေး စောင့်ရှောက်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း သွေးပေါင်ချိန်တိုင်းခြင်း၊ သတ်မှတ် အကွာအဝေးနေထိုင်ခြင်းများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် နောက်ထပ်ဆေးထိုး ရန်ကျန်ရှိနေသော မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမည့်နေ့ရက် အချိန် နေရာ တို့ကိုထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။
တွံတေးမြို့ ကာကွယ်ဆေးထိုးနှံရာတွင် ဆေးရရှိမှုအပေါ်မူတည်၍ ဦးစားပေးအဆင့် ဦးတည်အုပ်စုများ ဖြစ်သည့် ဆေးထိုးရန်ကျန်ရှိသောအသက်( ၆၅) နှစ်အထက်မိဘပြည်သူ ( ၁၃၃၈၃) ဦး၊ ကျန်းမာရေး ဝန်ထမ်း (၁၀၆) ဦး၊ စေတနာ့ဝန်ထမ်း( Volunteer) ( ၂၀၀) ဦး၊ ပုဂ္ဂလိကဆေးခန်းမှ ကျန်းမာရေး ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ မိဘပြည်သူများကို ဦးစားပေးအဆင့်အလိုက် အမြန်ဆုံးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် ကာကွယ်ဆေးထိုးရန် ( ၁၈၀၁၉၂) ဦး ထိုးနှံရန်ရှိပြီး ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ လဆန်းပိုင်းက အိန္ဒိယနိုင်ငံထုတ် ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေး COVISHE. ကို ထိုးနှံပေးရာ အသက်( ၆၅) နှစ်အထက်အဘိုးအဘွားများ၊ကျန်းမာရေးဝန်ထမ်းများ စေတနာ့ဝန်ထမ်းများ (Volunteer) ၊ နိုင်ငံဝန်ထမ်းများ၊ သာသနာ့ဝန်ထမ်းဘုန်းတော်ကြီးနှင့်သီလရှင်များ၊ ပြည်သူလူထု စုစုပေါင်း ( ၅၁၁၉) ဦးကို နှစ်ကြီမ်ထိုးနှံပေးနိုင်ခဲ့ရာ သြဂုတ်လ ၁ ရက်နေ့ တွင် ရောက်ရှိလာသည့် တရုတ်နိုင်ငံထုတ် Vero Cell – Inactivated 6.5 U/0.5 ml ကာကွယ်ဆေး ကိုတွံတေးမြို့နယ်အတွက် ခွဲတမ်း လူဦးရေ( ၁၆၀၀)အတွက်ကာကွယ်ဆေးအလုံး( ၈၀၀)ရရှိ ကာ ဆေးထိုးနှံမည့် စုရပ်များ ဖြစ်သောမြို့နယ်ပြည်သူ့ဆေးရုံ စည်းဝေးခန်းမ၊ အ.ထ.က (၁) ယုဇနခန်းမ၊သာသနာ့ ဗိမာန်တော်ကြီး၊ ခတ္ထိယတိုက်နယ်ဆေးရုံး၊ ကရင်ချောင်းတိုက်နယ်ဆေး ရုံတို့တွင် ကာကွယ်ဆေးထိုးရန်လျာထာပြီး ယနေ့သြဂုတ်၂ ရက်နေ့တွင် အ.ထ.က( ၁)ယုဇနခန်းမ၌ ပထမဦးဆုံးထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မျိုးဇော်လှထံမှ သိရသည်။
ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေးများကို သြဂုတ်၂ ရက်နေ့ နံနက် ၉ နာရီမှညနေ ၃ နာရီထိ စုရပ် ၅ နေရာကို အလှည့်ကျ အမြန်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ရွှေဆံတော်ရပ်ကွက်ရှိ ဘိုးဘွား (၄၃၃) ဦး ကိုနံနက်၉နာရီမှညနေ၃နာရီထိထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများအား ကာကွယ်ဆေးနှင့် ဓာတ်တည့်မှုရှိ၊ မရှိနှင့် ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများ ရှိ၊ မရှိ အတွက် သက်မှတ်နေရာများတွင် နာရီဝက်ခန့် စောင့်ကြည့်စေပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများ က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)