ဟိုပန် ဩဂုတ် ၂
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် အသက်(၆၅)နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ထိုးနှံခဲ့ပြီး ယမန်နေ့တွင် ပန်လုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ နံနက် ၉ နာရီ အချိန်က ထိုးနှံပေးခဲ့ပါသည်။
ပထမဦးစွာမြို့နယ်ဆရာဝန်ကြီး ဒေါက်တာပြည့်ကိုကို၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျင်ဝမ်းနှင့် လမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဆမ်နပ်တို့က
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရခြင်း၏ အကျိုးကျေးဇူးများကို မြန်မာ၊ “ဝ”၊ ကိုးကန့်ဘာသာစကားတို့ဖြင့် အသိပေးရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးဝန်ထမ်းများ၊ ရပ်/ကျေးစာရေးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက လက်သန့်ဆေးရည်ဖြင့် လက်ဆေးပေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးပေါင်ချိန်ခြင်းတို့ကို ဆောင်ရွက်ပြီး အသက်(၆၅)နှစ်အထက် ကျား(၆၉)ဦး၊ မ(၈၁)ဦး၊ ပေါင်း (၁၅၀)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
ဆက်လက်၍ ပန်ကောက်ကျေးရွာ ကျန်းမာရေးဆေးပေးခန်းတွင် အသက်(၆၅)နှစ်အထက် ကျား(၁၂)ဦး၊ မ(၂၈)ဦး၊ ပေါင်း(၄၀)ဦးအား ထိုးနှံပေးခဲ့ပြီး ဟိုပန်မြို့”ဝ” ဘုရားကျောင်းတွင် ကျား(၁၅)ဦး၊ မ(၃၃)ဦး၊ ပေါင်း(၄၈)ဦးကို ထိုးနှံပေးခဲ့ပါသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး ရေသန့်နှင့်အားဖြည့်အချိုရည်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယမန်နေ့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဟိုပန်၌(၄၈)ဦး၊ ပန်လုံ၌(၁၅၀)ဦးနှင့် ပန်ကောက်၌ (၄၀)ဦး၊ စုစုပေါင်း(၂၃၈)ဦးအား ထိုးနှံပေးခဲ့ပြီး ဩဂုတ်လ ၁ရက်နေ့အထိ (၄၁၈)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။