ရန်ကုန် သြဂုတ် ၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက် (၆၅) နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြစ်သည့် Sinopharm အမျိုးအစား Covid -19 Vaccine များကို ယနေ့မွန်းလွဲ ၂ နာရီ အချိန်မှ စတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဥမ္မာမြင့်နှင့် အဖွဲ့တို့က သိမ်ဖြူလက်ဝှေ့ရုံ တွင် ထိုးနှံပေးနေပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးနေမှုနှင့် ပတ်သက်၍ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်မျိုးအောင်က “ မြို့နယ်အတွင်းမှာ အသက်(၆၅) နှစ်အထက် ဘိုးဘွား စာရင်းကောက်ယူထားတာက (၇၁၈၁) ဦးရှိပါတယ်။ ဒီဘိုးဘွားတွေကို ဦးစားပေး အနေနဲ့ သြဂုတ်(၁) ရက်နေ့ကစပြီး ကာကွယ်ဆေးတွေ ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ နောက်ရက် တွေမှာတော့ ရန်ကုန်ဘူတာကြီးနဲ့ အ.ထ.က (၇) စက်ဆန်းကျောင်းတွေမှာပါ တိုးချဲ့ပြီးထိုးနှံ ပေးသွားမှာ ဖြစ်ပါတယ်။ ဘိုးဘွားတွေအတွက် ပြီးသွားရင်တော့ ကျန်းမာရေးဝန်ထမ်း၊ ဟိုတယ်ဝန်ထမ်း၊ ဘဏ်ဝန်ထမ်း၊ ဌာနဆိုင်ရာဝန်ထမ်း၊ စျေးရောင်းချသူစတဲ့ လူတန်းစားအလွှာအသီးသီးကို ဦးစားပေး အဆင့်အလိုက် ထိုးနှံပေးသွားမှာ ဖြစ်ပါတယ် ” ဟု ပြောကြားသည်။
ကာကွယ်ဆေးလာ ရောက်ထိုးနှံသူများထဲမှ ပြည်သူတစ်ဦးဖြစ်သူ အသက်(၇၂) နှစ်အရွယ် အဘ ဦးလှမင်း ကလည်း “ အရင်တစ်ခါတုန်းက မထိုးရဲလို့မထိုးလိုက်ရဘူး။ ဖျားမှာကြောက်လို့လေ။ အခုကတော့ ကိုဗစ်ရောဂါက ကူးစက်မှုတအားများနေတော့ ကိုယ့်အသက်နဲ့ဆို ကိုယ်ခံအားက မကောင်းတဲ့အရွယ်ဆိုတော့ ထိုးဖို့လိုအပ် တယ်ထင်လို့လာထိုးတာပါ။ တကယ်ထိုးသင့်တဲ့ဆေးဖြစ်လို့ ကျန်တဲ့သူတွေလည်း နောက်ရက်တွေမှာ လာထိုးစေ ချင်ပါတယ် ” ဟု ပြောကြားသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာသို့ အမှတ် (၁) စစ်ဗျူဟာအဖွဲ့ ခေတ္တစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးထွန်း နှင့်အဖွဲ့၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု့ခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြသည်။ ကာကွယ်ဆေးထိုးခြင်းကို မင်္ဂလာ တောင်ညွန့်မြို့နယ်တွင် သြဂုတ်လ(၂) ရက်နေ့ နံနက် (၉)နာရီ အချိန်မှ စတင်ကာ သတ်မှတ်နေရာများဖြစ်သည့် သိမ်ဖြူလက်ဝှေ့ရုံတွင် ရပ်ကွက် (၉) ခု၊ အ.ထ.က(၇) စက်ဆန်းတွင် (၆) ရပ်ကွက်နှင့် ရန်ကုန်ဘူတာကြီးတွင် ရပ်ကွက် (၅) ခု တို့မှ အသက် (၆၅) နှစ်နှင့်အထက် ဘိုးဘွားများအား ဆက်လက်ထိုးနှံပေးသွား ဖြစ်ကြောင်း လည်းသိရသည်။
ချစ်စုဝေ(ပြန်/ဆက်)