ကိုဗစ် - ၁၉ ရောဂါ ကုသရေးစင်တာအသစ်များ ဖွင့်လှစ်ရန် ပြင်ဆင် ဆောင်ရွက်နေမှုများနှင့် ကာကွယ်ဆေးထိုးနှံပေးနေမှုများကို လိုက်လံကြည့်ရှု

ရန်ကုန်  ဩဂုတ် ၂ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် ၁၉ - ရောဂါ ကုသရေးစင်တာအသစ်များ ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြသည်။ 

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကိုဗစ်-၁၉ ပိုးတွေ့ လူနာ ၆၀၀ ဦးအား ကုသပေးမည့် ရန်ကင်းပညာရေးကောလိပ် ကိုဗစ် - ၁၉ ကုသရေးဌာန ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို သွားရောက်စစ်ဆေးရာ စင်တာဖွင့်လှစ်နိုင်ရေး ငွေအား၊ လူအား၊ ပစ္စည်းအားဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးကြသည့် လေးကျွန်းသူဖောင် ဒေးရှင်း၊ မြန်မာနိုင်ငံ စက်သုံးဆီအသင်း၊ မြန်မာ နိုင်ငံဆန်စပါးအသင်း၊ မြန်မာနိုင်ငံပဲနှမ်း လုပ်ငန်းရှင်များအသင်းနှင့် မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။ 

ဆက်လက်၍ ရန်ကင်းမြို့နယ်၊ မိုးကောင်းဆုတောင်းပြည့်စေတီတော် ဘုရားဝင်းအတွင်းရှိ အရိယာ ဓမ္မာရုံကြီးတွင်လည်းကောင်း တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်းမပေါ်ရှိ အမှတ် (၁၁) အခြေခံ ပညာမူလတန်းကျောင်းတွင်လည်းကောင်း၊ ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ် ၊ ဘုရင့်နောင်လမ်းရှိ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း သတ်မှတ်ချက်နှင့် အကျုံးဝင်သည့် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို ကြည့်ရှုစစ်ဆေး အားပေးခဲ့ကြသည်။ 

ကာကွယ်ဆေးထိုးနှံပေးနေသည့် စုရပ်နေရာများသို့ ရောက်ရှိစဉ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်၊ မြို့နယ်ကျန်းမာရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက ကိုဗစ် - ၁၉ ရောဂါ လမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လမ်းညွှန်မှာကြားပြီး သက်ဆိုင်ရာဌာနများ၏ လိုအပ်ချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ 

ထို့နောက် ကိုဖစ်-၁၉ ရောဂါဖြစ်ပွားသူများကို ပိုမိုလက်ခံကုသပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့ဦးစေတီ အားကစား ကွင်းရှိ လူနာ ၂၀ဝ ဦးအတွက် အဆောက်အဦသစ်(၂)လုံး တည်ဆောက်နေမှုနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိအမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ကိုဗစ် - ၁၉ ကုသရေး စင်တာတွင် ဇိဝကပရဟိတအဖွဲ့က လူနာ ၃၀၀ ဦးအတွက် ကူညီပံ့ပိုး လှူဒါန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကြသည်။ 

တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ကိုဗစ်-၁၉ ကုသရေးဌာနများသို့ ရောက်ရှိစဉ် တာဝန်ရှိသူများမှ လူနာများ၊ ကုသရေးအဖွဲ့များ ၊ လုပ်အားပေးအဖွဲ့များအတွက် အိပ်ယာ၊ ခြင်ထောင်၊ ကုတင်နှင့် ရေချိုးခန်း၊ အိမ်သာများ၊ တကိုယ်ရေသုံးပစ္စည်းများ ပြင်ဆင်နေမှုများ၊ အောက်ဆီဂျင် လိုအပ်မည့်လူနာများအတွက် အောက်ဆီဂျင် ပိုက်လိုင်း သွယ်တန်း တပ်ဆင်နေမှုများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး သက်ဆိုင်ရာဌာနများနှင့် လိုအပ်ချက်များ အပေါ် ပေါင်းစပ် ညှိနှိုင်းရွက်ပေးခဲ့ကြောင်း သိရသည်။ 

ဆန်းကျော်ဦး