ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံ

ဆိပ်ကြီးခနောင်တို ဩဂုတ် ၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကိုလျှော့ချရန်၊ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့များအား လူမျိုးမရွေးဘာသာမရွေး ယမန်နေ့ နေ့လည်ပိုင်းမှစ၍  အခြေခံပညာ အထက်တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ယနေ့တွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ရပ်ကွက် ၉ ရပ်ကွက်မှ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၁၇၇၇)ဦး၊ မြို့နယ်အတွင်း လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်း(၁၀၄)ဦးနှင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အားတက်သရော ပါဝင်ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင် ( ၃၀)ဦးတို့အား ယနေ့အထိ ဦးစားပေး အနေဖြင့် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပေးသွားမည်ဖြစ်ပြီး၊  အဆိုပါ ကိုဗစ်-၁၉ရောဂါ  ကာကွယ်ဆေး ကြိုတင်ထိုးနှံထားခြင်းဖြင့်ပြည်သူများအကြား ရောဂါကူးစက်မှု ကွင်းဆက် ပြတ်တောက်လျော့ကျစေနိုင်ပြီး  ရောဂါကြောင့် ဆေးရုံတက်ရောက်ရမှုများ၊ ရောဂါ ပြင်းထန်စွာ ဖြစ်ပွားခံစားရ၍ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရမှုများနှင့် ရောဂါကြောင့် သေဆုံးရမှုများကို အလွန်ထိရောက်စွာ ကာကွယ်လျော့ချနိုင်ခြင်း၊ ပြည်သူလူထုအတွင်း ရောဂါကူးစက်ဖြစ်ပွားသူ နည်းပါးလာပါကကုသရေးအပိုင်းတွင် ဆေးရုံကုတင်လိုအပ်ချက်၊ အောက်ဆီဂျင်လိုအပ်ချက်၊ ကျန်းမာရေးဝန်ထမ်းများတွင် အလုပ်တာဝန်များပြား၍ တာဝန်ပိခြင်း စသည်တို့ကို ထိရောက်စွာ လျှော့ချနိုင်မည်ဖြစ်ပြီး အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့် ရှောက်မှုများကို ပိုမိုပေးအပ်နိုင်ခြင်း၊ အချိန်တိုအတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက် အောင်မြင်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း  မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့မှစ၍ ကိုဗစ်-၁၉ အတည်ပြုလူနာများ စတင်တွေ့ရှိခဲ့ရာ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၂၅၅)ဦး တွေ့ရှိခဲပြီး၊ မြို့နယ်ပြည်သု့ဆေးရုံနှင့် မြို့နယ်ကုသရေးစင်တာ (၂) ခုတွင် တက်ရောက်ကုသနေသူ (၂၄)ဦး၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသူ (၂)ဦး၊ အင်းစိန်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသူ (၅)ဦး၊ ပြန်လည်ကျန်းမာလာသူ (၁၅၆)ဦးနှင့် သေဆုံးသူ (၆၈)ဦးရှိပြီဖြစ်ရာ မြို့နယ်အတွင်းရောဂါဆက်လက် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့မှ ဦးဆောင်၍  မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့များက ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းလည်း  သိရသည်။

ဝေယံ