ကျိုင်းတုံမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေး

ကျိုင်းတုံ   သြဂုတ်    ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အသက်(၆၅)နှစ်အထက်ရှိ ဘိုး/ဘွားများ၊ နိုင်ငံ့ ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ ဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း ဝန်ထမ်းများနှင့် ဈေးသည်များအား သြဂုတ် ၁ ရက် က သတ်မှတ်စုရပ် ၅ နေရာ၌ တာဝန်ရှိသူများက တစ်ပြိုင်နက်တည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပေးကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းမပြုမီ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်း တို့ဆောင်ရွက်ကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ယနေ့တွင် လူဦးရေ ၂၀၀၀ ကျော်ထိုးနှံပေးခဲ့ကြောင်းသိရပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား  ဆက်လက် ထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျိုင်းတုံမြို့၊ အမှတ်(၃)ရက်ကွက်ရှိ မြို့တော်ခန်းမ၊ ကတ်ဖကျေးရွာအုပ်စု ဝမ်ဆိုင်းဘုန်းကြီးကျောင်း၊ လွိုင်မွေကျေးရွာ တိုက်နယ်ဆေးရုံ၊ မိုင်းခွန် ကျေးရွာ တိုက်နယ်ဆေးရုံ၊ ယန်းခကျေးရွာ လက်ကျန်းမာရေးဌာနခွဲ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစုရပ် နေရာ ၅ နေရာတွင် ထိုးနှံပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)