ဒဂုံမြောက် ဩဂုတ် ၁
အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မကျန်ရှိစေရန် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့များမှ စနစ်တကျ စာရင်းပြုစုပြီး ယမန်နေ နေ့လယ် ၁ နာရီကစ၍ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းခန်းမတွင် ကာကွယ်ဆေးစတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် တာဝန်ရှိသူများ လာရောက် ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးရာသို့ ဆေးထိုးရန်လာရောက်သူများကို ရောဂါကူးစက်မှုမဖြစ်ပွားစေရန် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ တစ်ဦးနှင့်တစ်ဦး ခြောက်ပေ အကွာဖြင့် ဝင်ရောက်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်းချိန်ခြင်း၊ ဆေးထိုးပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံမှု ခံယူနေသည့် သက်ကြီးရွယ်အိုများအား ကြည့်ရှုအားပေးစကားပြောကြားပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများကိုလိုအပ်သည်များ မှာကြားခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရပ်ကွက်(၂၇)ရပ်ကွက်မှ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွား(၂၄၅၀၀) ကျော်ကို ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပြီး ယနေ့ မှစ၍ နံနက်(၉)နာရီမှ နေ့လယ် (၁၂)နာရီအထိ၊ နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် စုရပ်သုံးနေရာခွဲ၍ ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။