တပ်ကုန်း ဩဂုတ် ၁
နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်တွင် စတင်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေးထိုးနေရာသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဥတ္တရခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးကျော်ကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ လာရောက်ကြည့်ရှု အားပေး၍ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့်ပြည်သူများ အဆင်ပြေစေရေးအတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေး ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် တပ်ကုန်းဓမ္မရိပ်သာ Quarantine Center တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို ချီးကျူးအားပေးစကားပြောကြားပြီးနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လှူဒါန်းသော စောင်(၁၀၀)ထည်၊ တဘက်(၁၀၀)ထည်၊ ရေချိုးခွက် (၁၀၀)ခွက်၊ စတီးလ်ပန်းကန်ပြား(၁၀၀)ချပ်၊ စတီးလ်ဇွန်း(၁၀၀)ချောင်း၊ ဆပ်ပြား(၁၀၀)တောင့်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လွှဲပြောင်းပေးအပ်ခဲ့သည်။
တပ်ကုန်းမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုး၊ အဘွား စုစုပေါင်းတစ်သောင်းကျော် ရှိပြီး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် အဘိုး၊ အဘွားများကို ဩဂုတ် ၁ ရက်မှ ၄ရက်နေ့ထိ ရပ်ကွက်၊ ကျေးရွာ သတ်မှတ်ရက်များအလိုက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ဆေးထိုးအဖွဲ့(၅)ဖွဲ့ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်