နမ့်စန်တွင် (၆၅)နှစ် နှင့်အထက်သက်ကြီးဘိုးဘွားများနှင့် ဦးစားပေးအဆင့်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

နမ့်စန်(တ)  ဩဂုတ်   ၂
 

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများကို ဦးစာပေးအဆင့်အလိုက် စုရပ်များခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉  နာရီမှစတင်၍ စုရပ် ၃ ခုတွင် ကာကွယ်ဆေးထိုးပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများက အသက် ၆၅ နှစ် နှင့်အထက် ရှိသူများနှင့် ဦးစားပေးအဆင့်များတွင်ပါဝင် သော အစိုးရ/ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များ၊ သံဃာ တော်များ ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ ၊ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ အကျဉ်းသားများ ၊ ပုဂ္ဂလိက စက်ရုံ၊အလုပ်ရုံ ဝန်ထမ်းများ၊ဟိုတယ်/မိုတယ်နှင့် တည်းခိုခန်းများရှိဝန်ထမ်းများ ၊ စားသောက်ဆိုင်နှင့် ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်းများ၊ Super Marketနှင့်ဈေးများရှိ ဝန်ထမ်းများကို အထက(နမ့်စန်)၊ အမှတ်(၅)ကျေးရွာအုပ်စုနှင့် မိုင်းစိတ်ကျေးရွာအုပ်စု တို့တွင် ဆေးထိုးစုရပ်များ ထားရှိ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)  စနစ် တကျထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိ သူများက လိုအပ်သည်များကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

နမ့်စန်မြို့နယ်တွင်ဇူလိုင် ၃၀ ရက်နေ့ မှ ဩဂုတ်လ ၁ ရက်နေ့အထိ  အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေးအဆင့်များတွင်ပါဝင်သူ စုစုပေါင်း  ၈၁၈   ဦးကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးရန်ကျန်ရှိသူများကို ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကာ ကာကွယ်ဆေးထိုးအစီအစဉ်များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များမှတဆင့် ပြည်သူများထံ အသိပေးဆောင်ရွက်လျက် ရှိကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)