ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန် ပြည်သူ(၆၁) ဦးအား နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့

တာချီလိတ် ဩဂုတ် ၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတား(၂)တွင် ထိုင်းနိုင်ငံ၌ အကြောင်း အမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသားနေရပ် ပြန်ပြည်သူ (၆၁)ဦးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က တာချီလိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၆၁)ဦးမှာ အမျိုးသား(၃၀)ဦး၊ အမျိုးသမီး(၃၁)ဦးတို့ဖြစ်ကြပြီး   ၎င်းတို့အား  တာချီလိတ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့်  စစ်ဆေးဆောင်ရွက်ပေးခဲ့ရာ  စစ်ဆေးချက် အဖြေအရ  နေရပ်ပြန်ပြည်သူအားလုံးတွင်  ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ Negative အဖြေထွက်ရှိခဲ့ကြောင်း သိရသည်။

၎င်းအပြင်  ပြစ်ဒဏ်စေ့ပြီး ပြန်လည်လွတ်မြောက်လာသည့် နေရပ်ပြန်ပြည်သူများအား ကျိုင်းတုံမြို့၊ ဝစီပိတ် ဆရာတော်ဘုရား၏ ဦးဆောင်ကူညီစောင့်ရှောက်မှုဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊  စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲဥက္ကဋ္ဌ  ဦးရဲနိုင်၊  တာချီလိတ်အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင် များ၊ မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဝင်များနှင့် အလှူရှင် ပြည်သူများက ၎င်းတို့အား သက်ဆိုင် ရာ နေရပ်အသီးသီးသို့ ရောက်ရှိနိုင်ရေးအတွက် အခမဲ့ မော်တော်ယာဉ်များစီစဉ်ပေးခြင်း၊ စားသောက်ဖွယ်ရာများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ ၊ထောက်ပံ့ငွေများ လှူဒါန်းပေး ခြင်းနှင့် နေရပ်ပြန်ပြည်သူများကို အားပေးစကားများ ပြောကြားခဲ့ကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးပြီး နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကြကြောင်း သိရှိရသည်။