ထန်းတပင်(ရန်ကုန်) ဩဂုတ် ၁
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသည့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို သြဂုတ်လ(၁)ရက်နေ့မှစတင်၍ သြဂုတ်လ(၁၀) ရက်နေ့အထိ ဆယ်ရက်တာကာလအတွင်း စုရပ်ခြောက်နေရာတို့တွင် ကာကွယ်ဆေးထိုးနှံ ပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံမည့် လူဦးရေအနေဖြင့် တစ်သောင်းနှစ်ထောင်ဦး ကိုကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်းလည်း ထန်းတပင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ ပြည်သူတစ်သောင်းနှစ်ထောင်ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံပေးနိုင်ရေးအတွက်လည်း ဇူလိုင်လ(၃၁)ရက်နေ့၊ မွန်းလွဲ(၁)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်ကျေးရွာအုပ်စုများမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများတွေ့ဆုံကာ ကာကွယ်ဆေးထိုးနှံမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ကြကြောင်းလည်းသိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင်လည်း သံဃာတော်အရှင်သူမြတ်များ၊ အသက်(၆၅)နှစ်အထက် အသက်အရွယ်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်နေကြသူများနှင့် စေတနာ့ဝန်ထမ်းများကို ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ဦးစားပေးအုပ်စုအနေဖြင့် အသက်(၆၅)နှစ်အထက် အသက်အရွယ်ရှိသူများကို ကာကွယ်ဆေးစတင်ကာ ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ထန်းတပင်မြို့မအားကစားကွင်း၊ အ.ထ.က (ဘောလည်)ကျောင်း၊ အ.ထ.က(ကျူတော)ကျောင်း၊ လှည်းဆိပ်တိုက်နယ်ဆေးရုံ၊ နဲသမိန် တိုက်နယ်ဆေးရုံနှင့် တက်သစ်တိုက်နယ်ဆေးရုံ နေရာခြောက်ခုတို့တွင် စုရပ်ထားကာ ထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)