ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက် နေကြသည့် အဖွဲ့အစည်း အသီးသီးမှ စေတနာ့ဝန်ထမ်းများအား စွမ်းရည်မြှင့်တင်ပေးရေးနှင့် ကူညီထောက်ပံ့မှုများ ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဩဂုတ် ၁

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်ကူညီ ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းအသီးသီးမှ စေတနာ့ဝန်ထမ်းများအား စွမ်းဆောင် ရည်မြှင့်တင်ပေး နိုင်ရေးနှင့် ကူညီထောက်ပံ့မှုများ ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုပျံ့ပွားမှုသည် လျော့နည်းကျဆင်းသွားခြင်း မရှိသေးဘဲ ကူးဆက်မှု မြင့်မားဆဲဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်ရာတွင် အဖွဲ့အစည်းအသီးသီးမှ ပါဝင်ကူညီနေကြသည့် စေတနာ့ဝန်ထမ်းများအား တစ်ဦးချင်း စွမ်းရည်မြင့်မားလာစေရေးနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ အပြည့်အဝဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး မိမိတို့အနေဖြင့် စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် ပြည်နယ်ကော်မတီအတွင်း‌ရေးမှူး၊ ပြည်နယ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်လင်း အောင်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ စေတနာ့ဝန်ထမ်း၊ ပရဟိတအဖွဲ့များနှင့် ပေါင်းစပ်ချိတ် ဆက်၍ စီမံကွပ်ကဲဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ် ကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီအသီးသီးမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌတို့က လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြည်နယ်အတွင်း ပါဝင်ကူညီ ဆောင်ရွက်နေကြသည့် လူမှုကူညီရေးပရဟိတအဖွဲ့ ၄၆ ဖွဲ့တို့မှ စေတနာ့ဝန်ထမ်း ၉၀၀ ကျော်တို့အား သင်တန်းများဖွင့်လှစ်သင်ကြားပေးနိုင်ရေး၊ လိုအပ်သည့် ကူညီထောက်ပံ့မှုနှင့် ကြပ်မတ်ကွပ်ကဲမှုဆိုင်ရာ များ ကိစ္စရပ်များ၊ အဖွဲ့အစည်းအချင်းချင်း သတင်းအချက်အလက် ရယူရေးဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးညှိနှိုင်းမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စေတနာ့ဝန်ထမ်းများအတွက် သင်တန်းများကို ကိုဗစ်-၁၉ ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ အမြန်ဆုံး ဖွင့်လှစ်ပေး နိုင်ရေး၊ Quarantine Centre များတွင် လိုအပ်သည် ကုတင်နှင့် အသုံးအဆောင်ပစ္စည်းများကို လျင်မြန်စွာဖြည့်ဆည်းပေးနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် အဖွဲ့အစည်း အသီးသီးနှင့် ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်သွားကြရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးကြသည်။

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် လက်ရှိအချိန်ထိ Quarantine Centre စုစုပေါင်း ၅၀ ကို ပြင်ဆင်ဆောင်ရွက် ထားရှိပြီး မြို့နယ်အလိုက် Quarantine Centre များ ထပ်မံတိုးချဲ့နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိ ကြောင်းနှင့် ပြည်နယ်အတွင်း လူမှုကူညီရေးအသင်းများ၊ ဘာသာရေးအသင်းအဖွဲ့ ၅၀ တို့မှ စေတနာ့ ဝန်ထမ်း ၉၀၀ ကျော်တို့က ပါဝင်ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။