မတ္တရာ ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်၁၉ကာကွယ်ဆေးများ စတင်ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ အထက(မတ္တရာ) အောင်ဆန်းခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဦးနေဇော်အောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ်ဦးစီးမှူး နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အသက်၆၅နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြသည်။ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို အထက(မတ္တရာ)တွင် နှစ်ရက်တာ ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ ကျန်ဆေး ထိုးစုရပ်များဖြစ်သည့် တောင်ပြုံးကျေးရွာ၊ စကျင်ကျေးရွာ၊ ရေနံ့သာကျေးရွာနှင့် ရွှေချောင်းကျေးရွာ တို့တွင်လည်း ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဦးစားပေးအဆင့်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံမှ သိရသည်။
ယနေ့ ထိုးနှံပေးသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမှာ တရုတ်နိုင်ငံထုတ် Sinophram ဆေးဖြစ်ပြီး မတ္တရာမြို့နယ်တွင် ၆၅နှစ်အထက် သက်ကြီးဘိုးဘွား ၁၉၀၀၀ ကျော်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)