စစ်တွေ ဩဂုတ် ၁
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို ပထမကြိမ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စစ်တွေမြို့၌ ကာကွယ်ဆေးထိုးနှံနေမှုအား သွားရောက်လှည့်လည် ကြည့်ရှု အားပေးကြသည်။
ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် စစ်တွေမြို့၊ ဘောက်သီးစု ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၆၅)နှစ်နှင့်အထက်ရှိသော အဘိုးအဘွားများကို ကိုဗစ်ကာကွယ်ဆေးထိုးနှံနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာကြသည့် အဘိုးအဘွားများအား ကာကွယ်ဆေးထိုးနှံပေးနေမှု၊ ဆေးထိုးပြီးခေတ္တနားနေမှု တို့ကို လှည့်လည်ကြည့်ရှု အားပေးစကား ပြောကြားကြသည်။ ယင်းနောက် ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာကြသော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကူညီဆောင်ရွက် နေကြသော မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များအား တွေ့ဆုံအားပေးစကား ပြောကြား ကာ ဆေးထိုးနှံပြီးသော အဘိုးအဘွားများအား ကျောင်းကားများဖြင့် နေအိမ်များသို့ အိမ်တိုင်ရာ ရောက်ပြန်လည်ပို့ဆောင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
စစ်တွေမြို့တွင် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးကို အမှတ်(၂) အခြေခံပညာ အထက်ကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း (မင်းဂံ) နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့တွင် ထိုးနှံပေးလျက်ရှိပြီး ဩဂုတ်လ ၂ ရက်နေ့တွင် အဆိုပါနေရာ ၄ ခုအပြင် ပါဒလိပ်ကျေးရွာရှိ လူငယ်စင်တာတွင်လည်းထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။ အလားတူ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း ကိုဗစ်ကာကွယ်ဆေးကိုထိုးနှံရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွား များအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေး ခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးကြခြင်း ဖြစ်ကြောင်း သိရသည်။
တင်ထွန်း