ဖယ်ခုံမြို့နယ်၌ အသက် ၆၅ နှစ်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

ဖယ်ခုံ     ဩဂုတ်   ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ အသက် ၆၅ နှစ်အထက်ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို မြို့နယ်ခန်းမ(ဖယ်ခုံ)နှင့် အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်း (မိုးဗြဲ) တို့တွင် ယနေ့နံနက် ၈ နာရီမှစတင်ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။

ဖယ်ခုံမြို့ဈေးနောက်ရပ်ကွက်၊ ဈေးရှေ့ရပ်ကွက်၊ ညောင်ကုန်းရပ်ကွက်၊ ဈေးတန်းရပ်ကွက်ရှိ အသက် ၆၅ နှစ်အထက် ဘိုးဘွားများကို  မြို့နယ်ခန်းမတွင်လည်းကောင်း၊ မိုးဗြဲကျေးရွာအုပ်စုရှိ အသက် ၆၅ နှစ်အထက် ဘိုးဘွားများကို  အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်းတွင် လည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖယ်ခုံမြို့နယ်အတွင်း Covid-19 ရောဂါပိုးများ ကူးစက်ပြန်ပွားမှုမှ ထိန်းချုပ်၊ ကာကွယ်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ကာကွယ်ဆေးများကို ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ယနေ့မွန်းတည့်ချိန်ထိ ဖယ်ခုံမြို့နယ်ခန်းမတွင် ၁၆၃ ဦးနှင့် မိုးဗြဲတွင် ၂၀၁ ဦး စုစုပေါင်း လူဦးရေ ၃၆၀ ကျော်ထိုးနှံခဲ့ပြီး ဆက်လက်ထိုးနှံပေးကြောင်း သိရှိရသည်။

ကာကွယ်ဆေး ထိုးရန်လာသော ဘိုးဘွားများအား  ကိုယ်အပူချိန်တိုင်းခြင်း၊ Mask ပေးဝေခြင်း၊ စာရင်းကောက်ယူခြင်း၊ စောင့်ဆိုင်းရန်စီစဉ်ပေးခြင်း၊ ကျန်းမာရေး၀န်ထမ်းများက ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးစနစ်တကျထိုးနှံပေးခြင်း၊ ဆေးထိုးပြီး နာရီ၀က်စောင့်ဆိုင်းစဉ် ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထို့အတူ ဆေးထိုးရန်ကျန်ရှိသော ဘိုးဘွားများ၊ ဘုန်းတော်ကြီးကျောင်း/ သီလရှင်ကျောင်း/ ဘာသာရေးကျောင်းများရှိ ပုဂ္ဂိုလ်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ နိုင်ငံ့၀န်ထမ်း များ၊ ပုဂ္ဂလိက၀န်ထမ်းများ၊ ဈေးသည်များ၊ အချုပ်သားများ၊ ယာဉ်မောင်း/ယာဉ်နောက်လိုက်များနှင့် ပြည်သူလူထုများကို ဦးစားပေးအဆင့်အလိုက် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ဖယ်ခုံမြို့နယ်တွင် ယနေ့အထိ စုစုပေါင်း ကိုဗစ်-၁၉ (Positive) လူနာ ၅၈ ဦးရှိပြီဖြစ်ကြောင်းနှင့် သေဆုံးသူနှစ်ဦးရှိကြောင်း၊  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 မြို့နယ် ပြန်/ဆက်