မိုင်းဆတ် ဩဂုတ် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးရမည့်သူ (၂၀၁၆)ဦးအား ဩဂုတ်လ(၃)ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ရာ ယမန်နေ့နံနက် (၉)နာရီခွဲက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ မြို့နယ်ပြည်သူ့ ဆေးရုံတွင် စတင်ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ပထမဦးစားပေးအဖြစ် အသက်(၆၅)နှစ် အထက်ရှိဘိုးဘွားများအား ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သူနာပြုများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးအတွင်းအောက်ဆီဂျင် ပါဝင်မှုတိုင်းတာပေးခြင်း တို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍“အခုလိုအသက်(၆၅)နှစ်အထက်ဘိုးဘွားတွေကို ဆေးခေါ်ထိုး ပေးတာ အများကြီးဝမ်းသာပါတယ်၊ ဆေးထိုးပြီးတော့လဲ ဘယ်လိုမှခံစားရတဲ့ အနေအထားတွေ မရှိပါဘူး၊ ကျန်တဲ့အဖိုးအဖွားတွေလဲ ဒီဆေးကို ယုံယုံကြည်ကြည်နဲ့ ထိုးနှံကြပါလို့ တိုက်တွန်း လိုပါတယ်” ဟု မြို့မိ၊ မြို့ဖ ဦးစိုင်းချစ်သောင်းကပြောသည်။ အလားတူ ကာကွယ်ဆေးထိုးနှံပြီးသူ ဦးစောလွင်က “အခုကာကွယ် ဆေးကိုနိုင်ငံတော်မှ ပံ့ပိုးပြီးထိုးပေးတဲ့ အတွက် အရမ်းကျေးဇူးတင်ပါတယ်၊ ဒီကာကွယ်ဆေး ကလူတိုင်း ထိုးသင့်တဲ့ဆေးဖြစ်ပါတယ်”ဟု ပြောသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးလင်းအောင်မိုး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေထွန်းနှင့် တာဝန်ရှိသူ တို့က လာရောက်ကြည့်ရှုအားပေးခဲ့သည်။မိုင်းဆတ်မြို့နယ်တွင် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covidshield) ထိုးနှံပြီးသူ(၅၈၀၁)ဦးရှိပြီး၊ ယခုတတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို (၂၀၁၆)ဦးအား ဇူလိုင်လ(၃၁)ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိပြီး ဩဂုတ်လ(၃)ရက်နေ့အထိ ထိုးနှံပေးသွား မည်ဖြစ်ရာ ယမန်နေ့အထိ အသက်(၆၅)နှစ်အထက်ရှိဘိုးဘွား (၄၅)ဦး ထိုးနှံပြီးကြောင်းသိရသည်။
မြင့်မောင်(မိုင်းဆတ်)