မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopham) စတင်ထိုးနှံပေး

မြင်းခြံ   ဩဂုတ်  ၁

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ ရွှေပြည်စိုးဗိမာန်တွင် ယမန်နေ့ ညနေ ၃ နာရီ အချိန်မှစတင်ကာ အသက် ၆၅ နှစ်အထက် အဘိုးအဘွားများနှင့် ပရဟိတ အသင်းသူ /သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြင်းခြံမြို့အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopham) အလုံး (၈၀၀) တစ်လုံးလျှင် လူ (၂) ဦးနှုန်း ထိုးနှံရသည်ဖြစ်သဖြင့် မြင်းခြံမြို့အတွင်းရှိ အသက်(၆၅) နှစ်အထက် အဘိုးအဘွားများနှင့် ပရဟိတအသင်းများဖြစ်သည့် အဖြူရောင် လက်များ၊ ဧရာဝတီ၊ နာရေးကူညီမှုအသင်း၊ သုခဆည်းဆာ၊ သဗ္ဗသုခ စသည့် ပရဟိတအသင်းများ အပါအဝင် လူဦးရေ (၁၆၀၀) ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ နောက်ရက်များတွင်လည်း နံနက် (၉) နာရီမှ (၁၂) နာရီ၊ နေ့လည် (၂) နာရီမှ (၄) နာရီထိ နေ့စဉ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopham) ထိုးနှံပေးခြင်းအား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)