မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ၊ အောက်ဆီဂျင်နှင့် ကာကွယ်ရေးသုံး ပစ္စည်းများ လှူဒါန်း

မိုးနဲ   ဩဂုတ်  ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စတင်၍  မြို့နယ် ကမ္ဘောဇခန်းမတွင် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း တို့ကို ဆောင်ရွက်ပေးပြီး  ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာနေရာသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လှူဒါန်းသော အောက်စီဂျင် ၄၀ လီတာ တစ်အိုးနှင့် ၂၀ လီတာ နှစ်အိုးကို တိုင်းစစ်ဌာနချုပ်ကိုယ်စား ဒုတိယ ဗိုလ်မှူးကြီးစိုးနိုင်ဝင်းကလည်းကောင်း၊ လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ လှူဒါန်းသော ကြက်ဥ ၊Hand gal နှင့် Hand Spray ဘူးများကို ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးကလည်းကောင်း ပေးအပ် လှူဒါန်းရာ တာဝန်ရှိသူများကလက်ခံခဲ့ကြောင်း သိရသည်။

အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးပြီးပါက ကာကွယ်ဆေး မထိုးနှံရသေးသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ အစိုးရ/ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ ဘာသာရေးကျောင်းများ၊ ဈေးရောင်းသူများ၊ တည်းခိုခန်း ဖွင့်လှစ်ထား သူများနှင့် ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းမှ ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်းနှင့် မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်အတွက် Sinopharm ကိုဗစ်ကာကွယ်ဆေးလုံး ၄၂၀ လုံး ရောက်ရှိနေပြီး ဆေးတစ်လုံးလျှင် နှစ်ဦးနှုန်းဖြင့် လူဦးရေ ၈၄၀ ဦးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ