မံစီ ဩဂုတ် ၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြည်သူ့ဆေးရုံ၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် တရုတ်နိုင်ငံထုတ်ဖြစ်သည့် Sinopharm ကာကွယ်ဆေးအား ဆေးတစ်လုံးလျှင် (၂) ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ပထမအကြိမ် အဖြစ် လူဦးရေ (၆၀၀) ဦးကို အသက် (၆၅) နှစ်အထက်ရှိပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် စျေးအတွင်း ဆိုင်ဖွင့်လှစ်ရောင်းချသူများ စသည်ဖြင့် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ဆေးထိုးရန်အတွက် အသက် ၆၅ နှစ်အထက်ရှိ ပြည်သူများနှင့်ဈေးအတွင်းဆိုင်ဖွင့်လှစ်ရောင်းချသည့် ပြည်သူများက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးရုံးများနှင့် မြို့နယ်စည်ပင်သာယာရေးဌာန၌ကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်ကြောင်းနှင့်ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း ၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စနစ်တကျ မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးခဲ့ကြသည်။
မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့် ကော်မတီအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ကြက်ခြေနီအဖွဲ့ဝင်များကလည်း ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်( ပြန်/ဆက်)