မိုင်းဆတ် ဇူလိုင် ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးရမည့်သူ(၂၀၁၆)ဦးအား ဩဂုတ်လ(၃)ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ရာ ယနေ့နံနက် (၉)နာရီခွဲက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ မြို့နယ်ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ပထမဦးစားပေးအဖြစ် အသက်(၆၅)နှစ် အထက်ရှိဘိုးဘွားများအား ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်သူနာပြုများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှုတိုင်းတာပေးခြင်း တို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးလင်းအောင်မိုး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေထွန်းနှင့် တာဝန်ရှိသူ တို့က လာရောက်ကြည့်ရှုအားပေးခဲ့သည်။မိုင်းဆတ်မြို့နယ်တွင် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covidshield) ထိုးနှံပြီးသူ(၅၈၀၁)ဦးရှိပြီး၊ ယခုတတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံရန်ကျန်ရှိသူ(၂၀၁၆)ဦးအား စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)