လှိုင်သာယာမြို့နယ်၌ အထွေထွေရွေးကောက်ပွဲတွင် မဲထည့်ရမည့် မဲဆန္ဒရှင်ပြည်သူများအား မဲစာရင်းသွားရောက် ကြည့်ရှုစစ်ဆေးကြရန် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်

လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)နှင့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်များ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲထည့်ရမည့် မဲဆန္ဒရှင် ပြည်သူများအား မဲစာရင်းသွားရောက် ကြည့်ရှု စစ်ဆေးကြရန် ယနေ့ နံနက်ပိုင်းက  မြို့နယ်များအတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် အသံချဲစက်ဖြင့် လှည့်လည်နှိုးဆော်သည်။

ထိုသို့လှည့်လည်နှိုးဆော်ရာတွင် လှိုင်သာယာ(အရှေ့ပိုင်း)နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အတွင်းရှိ ပြည်သူ များအနေဖြင့် မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံး များ၌ မဲစာရင်းအား လာရောက် ကြည့်ရှုစစ်ဆေးပြီး မိမိအမည် မဲစာရင်းတွင်မပါဝင်လျှင် ပုံစံ(၃)ဖြင့် အမည်စာရင်း ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း၊ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄−ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း လုပ်ဆောင်နိုင် မည်ဖြစ်ကြောင်း၊ လိုအပ်သည့်ပုံစံများအား သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူနိုင်မည်ဖြစ်ပြီး ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်းများ ဆောင်ရွက် ပြီးစီးပါက ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ တွင် နောက်ဆုံးအကြိမ် ထပ်မံကပ်ထား ကြေညာသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)