သန်လျင်မြို့နယ်အတွင်း ပြည်သူများ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးမည့် အစီအစဉ်နှင့်ပတ်သက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာမြကြေးမုံနှင့် တွေ့ဆုံမေးမြန်းခြင်း

ရန်ကုန် ဩဂုတ်   ၁

မေး။  ။ မင်္ဂလာပါ ဒေါက်တာ သန်လျင်မြို့နယ်အတွင်းမှာ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်လေး သိချင်ပါတယ်။

ဖြေ။  ။ ကျွန်မတို့မြို့နယ်မှာ ကာကွယ်ဆေးထိုးဖို့အစီအစဉ်တော့ရှိပါတယ်၊ လက်ရှိအချိန်အထိတော့ ကျွန်မတို့ကျန်းမာရေးဌာနကို ထိုးနှံမဲ့ကာကွယ်ဆေးတော့မရောက်သေးပါဘူး၊ ကာကွယ်ဆေး ရောက်တာနဲ့ အသက် (၆၅) နှစ်အထက်ရှိသူတွေနဲ့ ဌာနဆိုင်ရာတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေကို အဆင့်ဆင့်ထိုးနှံပေးသွားမှာပါ။

မေး။  ။ ကျွန်တော်တို့မြို့နယ်အတွင်းမှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခွင့်ရရှိခဲ့ရင် ဘယ်ကိုဆက်သွယ်ရမယ် ဘယ်နေရာမှာ စာရင်းပေးထိုးနှံရမယ် ဆိုတာ သိချင်ပါတယ်။

ဖြေ။  ။ သန်လျင်မြို့နယ်အတွင်းရှိတဲ့ ပြည်သူတွေ ကာကွယ်ဆေးထိုးဖို့အတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက စာရင်းကောက်ယူပြီး ကာကွယ်ဆေးထိုးရမဲ့သူတွေကို ဆေးထိုးရမည့်ကတ်ပြားထုတ်ပေးမှာပါ၊ ဆေးထိုးရမဲ့နေရာကတော့ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးဝင်းအတွင်းမှာဘဲ နေရာ (၃) နေရာစီစဉ်ထားပါတယ်၊ ဆေးထိုးရမဲ့နေ့ရက်ကိုတော့ သက်ဆိုင်ရာက ကြေညာပေးပါ့မယ်၊ ကာကွယ်ဆေးထိုးမဲ့နေ့ကျရင်တော့ အဲဒီပေးထားတဲ့ကတ်ပြား ပြပြီး လာရောက်ဆေးထိုးလို့ရပါတယ်။

မေး။  ။ ကာကွယ်ဆေးကို ဘယ်အသက်အရွယ်တွေနဲ့ ဘယ်လိုအနေအထားမျိုးမှာ ထိုးသင့်သလဲဆိုတာ သိချင်ပါတယ်။

ဖြေ။  ။ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးကို အသက် (၂၀) နှစ်ကနေ အသက် (၉၀)နှစ်ကျော် အသက် (၁၀၀) နှစ်အထိအရွယ်တွေ ထိုးလို့ရပါတယ်၊ ကိုဗစ် ရောဂါမဖြစ်သေးတဲ့ ပြည်သူမှန်သမျှ လူမျိုး ဘာသာမရွေး မည်သူမဆို ကာကွယ်ဆေးကို ထိုးသင့်ပါတယ်။

မေး။  ။ ပြည်သူတွေအနေနဲ့ ကာကွယ်ဆေးထိုးသင့်သလား မထိုးသင့်ဘူးလား ထိုးထားရင်ကော ဘယ်လောက်အတိုင်းအတာအထိ ကာကွယ်ပေးနိုင်ပါလဲဆိုတာလေး သိချင်ပါတယ်။

ဖြေ။  ။ ကျွန်မတို့ဆီကို ဘယ်လိုကာကွယ်ဆေးပို့ပေးမယ်ဆိုတာ မသိသေးတော့ ဆေးရဲ့ဘယ်လောက်အထိကာကွယ်ပေးနိုင်မလဲဆိုတာတော့ ပြောလို့မရသေးပါဘူး၊ ဒါပေမဲ့ ကာကွယ်ဆေးတိုင်းမှာ အကျိုးအာနိသင်ရှိပါတယ်၊ ကာကွယ်ဆေးထိုးထားရင် အတိုင်းအတာတစ်ခု အထိတော့ ကာကွယ်ပေးနိုင်လို့ ထိုးသင့်ပါတယ်၊ ကာကွယ်ဆေးထိုးထားပြီးလဲ ဗီဇပြောင်းလည်း နေတဲ့ ရောဂါပိုးကြောင့် ကူးစက်မှုရှိနိုင်ပါတယ်၊ အကောင်းဆုံးကတော့ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်လို့ပြောချင်ပါတယ်။

မေး။  ။ သန်လျင်မြို့နယ်မှာ ကိုဗစ်- ၁၉ ရောဂါ လက်ရှိအခြေအနေနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရောဂါကာကွယ်ကုသရေးအခြေအနေဆောင်ရွက်နေမှုလေး  ဖြေကြားပေးစေချင်ပါတယ်။

ဖြေ။  ။ လက်ရှိမှာ မိုးတွင်းဖြစ်လို့ ရာသီတုပ်ကွေးနဲ့ ကိုဗစ်ရောဂါက ရောထွေးနေပါတယ် ကိုဗစ်- ၁၉ ရောဂါပိုးကူးစက်မှုကြောင့် သေဆုံးမှုများလည်းရှိသလို ရောဂါအခံရှိလို့ သေဆုံးမှုများလဲရှိပါတယ်၊ အဓိက အောက်ဆီဂျင်လိုအပ်ချက်လဲပါပါတယ်၊ အခုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့တွေကလည်း အောက်ဆီဂျင်လိုအပ်ချက်ကို ဝိုင်းဝန်း ကူညီပေးနေကြပါတယ်၊ အောက်ဆီဂျင်ဆိုတာကလဲ ပေးတိုင်းလဲမကောင်းပါဘူး၊ ကိုယ်သဘောနဲ့ ကိုယ် အောက်ဆီဂျင်ပေးရင်အန္တရာယ်ရှိနိုင်ပါတယ်၊ အကောင်းဆုံးကတော့ မိသားစုဆရာဝန် သို့မဟုတ် နားလည်တက်ကျွမ်းတဲ့သူတွေကို တိုင်ပင်ပြီးမှ လုပ်သင့်ပါတယ်၊ ကျွန်မ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာမှာလည်း လက်ရှိ တစ်ချို့ကျန်းမာရေးဝန်ထမ်းတွေ ရောဂါကုစက်ခံရလို့ ဆေးကုသမှာတွေခံယူနေရပါတယ်၊ ကျန်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရပ်ကွက်/ကျေးရွာ တွေမှာရှိတဲ့ ပရဟိတလူမှုရေးအသင်းအဖွဲ့တွေ ပူးပေါင်းပြီး ဆေးဖျန်းခြင်းလုပ်ငန်းများနဲ့ ကုသရေးစင်တာတွေမှာ ပူးပေါင်းဆောင်ရွက်နေပါတယ်၊ ကျွန်မပြောချင်တာကတော့ ပြည်သူတွေ အနေနဲ့ ကြိုတင်ကာကွယ်ခြင်းက ပိုကောင်းပါတယ်၊ ဒါကြောင့် ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ပေးကြဖို့နဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်မျများအတိုင်း လိုက်နာနေထိုင်သွားကြပါလို့ပြောချင်ပါတယ်ရှင့်။

တွေ့ဆုံမေးမြန်း- သက်ခိုင် (သန်လျင်)