မြစ်သားမြို့နယ်တွင် အသက်၆၅နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး

မြစ်သား  ဩဂုတ်   ၁

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် လုပ်အားကြေးမုံခန်းမတွင်  ယမန်နေ့မွန်းလွဲ(၁)နာရီခွဲအချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်၆၅နှစ်အထက် သက်ကြီးရွယ်အိုများအား  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို လူမျိုးဘာသာမရွေး ထိုးနှံပေးလျက်ရှိကြောင်း မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ယနေ့တွင် မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ  ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်၆၅နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် စနစ်တကျ ရှိစေရန်အတွက်  မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း  သိရသည်။

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာSinopharm (CHINA)ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးအစားဖြစ်ပြီး မြစ်သားမြို့နယ်တွင် လူဦးရေ ၁၆၈၀၈ ဦးခန့် လျာထားထိုးနှံပေးလျက်ရှိ ကြောင်းနှင့် ကာကွယ်ဆေးရရှိမှုအပေါ်မူတည်၍ ဦးစားပေး အုပ်စုများအလိုက် ဆက်လက် ထိုးနှံပေးသွားမှာဖြစ်ကြောင်း သိရသည်။

မြမြမွန်(မြစ်သား)