တပ်ကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနိုင်ရေး ဆောင်ရွက်ထားရှိမှုအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း လာရောက်ကြည့်ရှုစစ်ဆေး

တပ်ကုန်း ဩဂုတ် ၁

နေပြည်တော် တပ်ကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အသက် (၆၅)နှစ်အထက် အဘိုး၊ အဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအား နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းသည် ဥတ္တရခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်ကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ ဇူလိုင် ၃၁ ရက် မွန်းလွဲ ၂ နာရီခွဲက အဆိုပါကျောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေး စင်တာသို့  လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက် ထိုးနှံကြသည့် အဘိုး၊ အဘွားများအား  လေဝင်/လေထွက်ကောင်းမွန်သော နေရာအများတွင် ကာကွယ်ဆေးထိုး နှံပေးနိုင်ရေး၊ အမည်စာရင်းလက်ခံခြင်းနှင့် ကိုယ် အပူချိန်တိုင်းတာခြင်း နေရာအဆင်ပြေစေရေး၊ ကာကွယ်ဆေးထိုး နှံပြီးနောက် မိနစ် (၃၀)ခန့် သက်သောင့်သက်သာ စောင့်ဆိုင်းရမည့် နေရာထိုင်ခင်းများ အဆင်ပြေစေရန်  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို ရှင်းလင်းပြောကြားခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် အဘိုး၊ အဘွား စုစုပေါင်း တစ်သောင်းကျော်ရှိ ပြီး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသည့်  အဘိုး၊ အဘွားများကို  ဩဂုတ် ၁ ရက်မှ ၁၀ ရက်နေ့ထိ ရပ်ကွက်၊ ကျေးရွာ သတ်မှတ်ရက်များအလိုက်  အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ဆေးထိုးအဖွဲ့(၅)ဖွဲ့ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်