မုဒုံမြို့နယ် ဘိုးဘွားရိပ်သာရှိ သက်ကြီးရွယ်အို ဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံပေး

မုဒုံ      ဩဂုတ်  ၁

မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင် ၊  မုဒုံမြို့နယ်  ဘိုးဘွားရိပ်သာရှိ  သက်ကြီးရွယ်အိုဘိုးဘွားများ အား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရန်   ယမန်နေ့မွန်းလွဲ ၂ နာရီက  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင်   မုဒုံမြို့နယ်   ကျန်းမာရေးဦးစီးဌာနမှ     ကျန်းမာရေး ဝန်ထမ်းများက   ကာကွယ်ဆေးမထိုးမီ    အဘိုး အဘွားများအား   ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်တိုင်းတာခြင်း၊  အောက်ဆီဂျင်တိုင်းတာခြင်းစသည့်   ကျန်းမာရေးအခြေအနေများကို  စစ်ဆေးပြီး ပုံမှန်အခြေအနေရှိမှသာ ကာကွယ်ဆေးများကို ထိုးနှံပေးသည်။

မုဒုံမြို့နယ် ဘိုးဘွားရိပ်သာ၌ အဘိုး(၈)ဦး၊ အဘွား(၁၄)ဦး  စုစုပေါင်း(၂၂)ဦးတို့ကို   ကာကွယ်ဆေးများ  ထိုးနှံပေးခဲ့ရာ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ    ဦးတင့်ဇော်နှင့်   အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း  သိရသည်။

မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဇူလိုင်၂၉ရက်နေ့မှစ၍  အသက်(၆၅)နှစ်နှင့်အထက်၊ နိုင်ငံဝန်ထမ်းများအား ထိုးနှံပေးခဲ့ရာ   ဇူလိုင်၃၀ရက်နေ့ထိ  (၉၈၂)ဦးကို    ထိုးနှံပေးပြီးဖြစ်ကြောင်း မုဒုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)