ချောင်းဆုံ ဩဂုတ် ၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇူလိုင် ၂၉ ရက်နေ့က စတင် ထိုးနှံပေးခဲ့ပြီး ယမန်နေ့ နံနက် ဆေးထိုးရက် (၃)ရက်မြောက်တွင် ဆေးထိုးစုရပ်(၅) နေရာတို့၌ မွန်ပြည်နယ် ပြည်သူ့ကျန်မာရေးဦးစီးဌာန ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နန္ဒဝင်း၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာသံလွင်အောင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သူဇာဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က ကာကွယ်ဆေးထိုးနှံနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆေးထိုးမည့်ပြည်သူများအား ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်၊ ဆီးချို၊ သွေးတိုး တိုင်းတာပေးခြင်း၊ ရောဂါလက္ခဏာရာဇဝင် မေးမြန်းပြီး ပုံမှန်အခြေအနေရှိသူများ ကိုသာကာကွယ်ဆေး ထိုးနှံပေးခြင်း၊ အခြေအနေကိုကြည့်ရှုပြီး ဆေးထိုးသည့် ပြည်သူများအားလည်း၊ ယခု ပထမအကြိမ် ဆေးထိုးပြီး နောက်ထပ်(၂၁)ရက် (သို့) (၂၈)ရက်ကြာတွင် ဒုတိယအကြိမ် ဆေးထိုးပြီး(၂)ပတ်ခန့် အကြာမှ သာ ဆေးထိုး၊ ဆေးအောင်မှာဖြစ်ပြီး ကိုယ်ခံအား ပြည့်တက်လာမည်ဖြစ်ကြောင်း ဆေးထိုးထားပြီးသူ အနေနှင့် ရောဂါကာကွယ်နိုင်မှုအားမှာ (၇၅%)ရှိကြောင်း ကျန်(၂၃%)မှာ ရောဂါကူးစက်နိုင်သော်လည်း၊ ပြင်းထန်မှုမရှိကြောင်း၊ (၂%)မှာသာ ရောဂါပြင်းထန်စွာ ခံနိုင်ရသည့်အတွက် ဆေးထိုးပြီးသူအနေနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း နေထိုင်သွားရန် လိုအပ်ကြောင်းကို ပြည်နယ်ကျန်းမာရေးဦးစီးမှူးက အားပေးစကား ပြောကြားခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် ချောင်းဆုံ(အ.ထ.က)၊ မုရစ်ကလေးမူကြို၊ ရွာလွတ်(အ.ထ.က)၊ ကညှော်(အ.ထ.က)၊ ကလွီ(အ.ထ.က)တို့တွင် ဆေးထိုးစုရပ်အဖြစ်ထားရှိပြီး ယနေ့တွင် စုရပ်(၁)နေရာစီ၌ ဆေးထိုးဦးရေ (၂၀၀)ဦးစီ၊ ဆေးထိုးရန်လျာထားကြောင်း၊ ယမန်နေ့အထိ ချောင်းဆုံတွင် ဆေးထိုးပြီးသူ (၇၅၀)ဦးရှိပြီး ဖြစ်ကြောင်း သိရသည်။