တာမွေမြို့နယ်တွင် အောက်ဆီဂျင်ဓာတ်ငွေ့များ အခမဲ့ဖြန့်ဝေပေးလျက်ရှိ

ရန်ကုန်     ဩဂုတ်  ၁

ကိုဗစ်-၁၉ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ပြည်သူများ အောက်ဆီဂျင်ဓာတ်ငွေ့ လုံလောက်စွာ မရရှိမှုကြောင့် အသက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်း အောက်ဆီဂျင် ဖြန့်ဖြူးပေးနိုင်ရေး ဦးစီးကော်မတီ၏ ဦးဆောင်မှုဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေးအသင်းဝင်များပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၀)တွင် (၄၀)လီတာဆံ့ အောက်ဆီဂျင်အိုးများနှင့် (၂၀)လီတာဆံ့ အောက်ဆီဂျင်အိုးများကို အောက်ဆီဂျင် အမှန်တကယ် လိုအပ်နေသည့် ပြည်သူများထံ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

“ အရင်တုန်းကဆို အောက်ဆီဂျင်အိုးတွေက သာမန်ပဲ အသုံးပြုတဲ့အတွက် အခက်အခဲ မရှိခဲ့ကြပါဘူး။ လက်ရှိ ဒီအချိန်မှာတော့ အောက်ဆီဂျင်အိုးတွေကို လိုရမယ်ရ အပိုသိမ်းဆည်းမှုတွေ ရှိလာတဲ့အတွက် အောက်ဆီဂျင်အိုးတွေက အလွန်ရှားပါးလာခဲ့ပါတယ်။ ဒီအောက်ဆီဂျင်ဓာတ်ငွေ့ လိုအပ်မှုက ပြဿနာတစ်ခုသဖွယ် ဖြစ်လာတဲ့အတွက် ကျွန်တော်တို့အနေနဲ့ တာမွေမြို့နယ်အတွက် ခွဲတမ်းအလိုက် ရရှိတဲ့ အောက်ဆီဂျင်အိုးတွေကို မြို့နယ်အတွင်းမှာရှိတဲ့ အောက်ဆီဂျင် အမှန်တကယ် လိုအပ်နေတဲ့ ပြည်သူတွေ အဓိကရရှိဖို့ ဦးစားပေးဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် မြို့နယ်အတွက် ရရှိလာတဲ့ အောက်ဆီဂျင်တွေ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် အမှန်တကယ် လိုအပ်နေသည့် ပြည်သူများလက်ဝယ်သို့ ရောက်ရှိစေရေးအတွက်လည်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လိုအပ်သည့် အချက်အလက်များ စိစစ်ပြီး အခမဲ့ ဖြန့်ဝေပေးလျက်ရှိပါတယ်။ တာမွေမြို့နယ် အတွင်းမှာ ယခုလက်ရှိ ဖြန့်ဝေပေးလျက်ရှိတဲ့ (၄၀)လီတာဆံ့ အောက်ဆီဂျင်အိုးတွေကို တောင်ဥက္ကလာပမြို့နယ်ရှိ ‘ မိတ်ဆက် ’ ဆိုတဲ့ အောက်ဆီဂျင်စက်ရုံမှ ရရှိပြီး (၂၀)လီတာဆံ့ အောက်ဆီဂျင်အိုးတွေကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ‘ ရွှေပြည်ညွန့် ’ ဆိုတဲ့ အောက်ဆီဂျင်စက်ရုံမှ ရရှိပါတယ်။ အောက်ဆီဂျင်ဓာတ်ငွေ့ အမှန်တကယ် လိုအပ်နေတဲ့ လူနာတွေအတွက် မိသားစုဝင်တစ်ဦးဦးမှ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများသို့ လာရောက်ပြီး အောက်ဆီဂျင် အမှန်တကယ်လိုအပ်ကြောင်း ဆရာဝန်တစ်ဦးဦး၏ ဆေးလက်မှတ် ထောက်ခံစာ၊ သက်ဆိုင်ရာ ရပ်ကွက်တွင် အမှန်တကယ် နေထိုင်ကြောင်း အိမ်ထောင်စုစာရင်းများနှင့်အတူ လျှောက်ထားနိုင်ပါတယ်။ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း ဒီတစ်နေ့တာအတွက် ထုတ်ပေးတဲ့ အောက်ဆီဂျင်အိုးတွေကို ထုတ်ယူသူ၏ လိပ်စာနှင့် သေချာစွာမှတ်တမ်းပြုစု ဆောင်ရွက်ထားရှိပါတယ် ” ဟု တာမွေမြို့နယ်အတွင်း အောက်ဆီဂျင် ဖြန့်ဖြူးပေးနိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးကိုးအောင်က ပြောသည်။

နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူများ အောက်ဆီဂျင်ဓာတ်ငွေ့ လုံလောက်စွာ ရရှိနိုင်စေရေးအတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်း ဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှတစ်ဆင့် ပြည်ပနိုင်ငံများမှ မှာယူတင်သွင်း၍ အခမဲ့ဖြန့်ဖြူးပေးလျက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင်လည်း မြို့နယ်အတွင်းရှိ ပြည်သူများ အောက်ဆီဂျင်ဓာတ်ငွေ့ လုံလောက်စွာ ရရှိနိုင်စေရေးအတွက် တစ်ရက်လျှင် (၄၀)လီတာဆံ့ အောက်ဆီဂျင်အိုး အလုံး(၃၀)နှင့် (၂၀)လီတာဆံ့ အောက်ဆီဂျင်အိုး(၉၅)လုံးတို့ကို ပြည်သူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ တာမွေမြို့နယ်အတွင်း အောက်ဆီဂျင်အိုးများ အခမဲ့ ဖြန့်ဝေပေးနေမှုအပေါ် အောက်ဆီဂျင် လာရောက် ထုတ်ယူသူ ပြည်သူတစ်ဦးက “ ယခုလို ဆောင်ရွက်ပေးတာ အရမ်းကို အဆင်ပြေမှု ရှိပါတယ်။ ယခင်က တောင်ဒဂုံမှာရှိတဲ့ စက်ရုံမှာ မနက်အစောကြီးသွားပြီး တန်းစီစောင့်ရတယ်။ တစ်ခါတစ်လေ တန်းစီတာတောင် မရခဲ့ဘူး။ ယခုဆိုရင် လိုအပ်တာနဲ့ အုပ်ချုပ်ရေးမှူးရုံးမှာ လိုအပ်တဲ့ အထောက်အထား စာရွက်စာတမ်းတွေပြပြီး တန်းထုတ်လိုက်ရုံပဲ ” ဟု ပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)