ပင်းတယ ဇူလိုင် ၃၁
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီမှစတင်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမနှင့် ဓနုမြေဘိုးဘွားရိပ်သာ တို့တွင် ပြုလုပ်ခဲ့သည်။
ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကာကွယ်ဆေးထိုးကြီးကြပ်အဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။ ကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေများအား ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးစကားပြောကြားခဲ့သည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခန်းမ၌ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကာကွယ်ဆေးထိုးနှံပေး နေခြင်းကိုလည်းကောင်း၊ ဓနုမြေဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကြည့်ရှုအားပေးစကားပြောကြားပြီး ဘိုးဘွားများအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းလည်း သိရသည်။ ကာကွယ်ဆေးထိုးနှံရာတွင် ဘိုးဘွားများ၏ ကျန်းမာရေးကို တစ်ပါတည်း စစ်ဆေးပေး နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်၊ လိုအပ်လာပါက ကာကွယ်ဆေးလာရောက်ထိုးနှံသူများအတွက် Mask, Face Shield စသည့် ကျန်းမာရေးအကာအကွယ်ပစ္စည်းများ အခမဲ့ ဖြန့်ဝေနိုင်ရေးဆောင်ရွက်ပေးရန်နှင့် လူစုလူဝေး မဖြစ်စေရေး ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့်အညီ အလေးထားဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယခုထိုးနှံပေးသည့် ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေး ၁ ပုလင်းတွင် လူ ၂ ဦးထိုးနှံနိုင်မည်ဖြစ်ကြောင်းနှင့် ယနေ့ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင်အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားဦးရေ ၄၀၀ ကျော်နှင့် ဓနုမြေဘိုးဘွားရိပ်သာမှ ဘိုးဘွား ၂၀ ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။
ပင်းတယ (ပြန်/ဆက်)