မိုင်းယုမြို့မရပ်ကွက်နှင့် ဒွန်းနွဲ့ကျေးရွာအကြား ဒွန်းနွဲ့တံတား ချောင်းရေတိုက်စားကာပြိုကျ

မိုင်းယု ဇူလိုင် ၃၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့ရှိ မြို့မရပ်ကွက်၊ ဒွန်းနွဲ့ကျေးရွာအုပ်စုနှင့် မိုင်းလွေကျေးရွာအုပ်စုတို့ကို ဆက်သွယ်ပေးထားသည့် ဒွန်းနွဲ့ချောင်း ကူးသံဘောင်တံတားတစ်စင်း နမ့်ဖွန်ချောင်းရေတိုက်စားမှုကြောင့် ဇူလိုင် ၃၀ ရက်နေ့ ညနေပိုင်းက ပြိုကျ ပျက်စီးခဲ့ရသည်။

တံတားသည် မိုင်းယုမြို့ မြို့မရပ်ကွက်နှင့် ဒွန်နွဲ့ကျေးရွာအကြား နမ့်လွေချောင်းနှင့် နမ့်ဖွန်ချောင်း ဆုံရာနေရာတွင် တည်ရှိပြီး နမ့်ဖွန်ချောင်းပေါ်တွင် တည်ဆောက်ထားကြောင်း၊ ယင်းတံတားအား ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ထားသည့် အရှည် ၆၅ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၅ ပေရှိသည့် သံဘောင်တံတားတစ်စင်းဖြစ်ပြီး ဇူလိုင်လ တတိယပတ်က မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဒွန်းနွဲ့ကျေးရွာ ဘက်ခြမ်းရှိ အဆိုပါ တံတားချဉ်းကပ်ခုံးအနီး မြေသားအား တစ်ဖြေးဖြေး ရေတိုက်စားခဲ့ရသည့် ဒဏ်ကြောင့် ဇူလိုင် ၃၀ရက်နေ့ ညနေပိုင်းတွင် ပြိုကျခဲ့ရခြင်းဖြစ်သည်။

အဆိုပါ  တံတားမှ မိုင်းယုမြို့ပြည်သူများ၊ ဒွန်းနွဲ့ကျေးရွာအုပ်စုနှင့် မိုင်းလွေကျေးအုပ်စုရှိ ကျေးလက် ပြည်သူများ လူမှုစီးပွားရေးလုပ်ငန်းများအတွက် အလွယ်တကူ အသုံးပြုကာ ဖြတ်သန်း သွားလာ ရသည် တံတားဖြစ်ပြီး ယခုအခါ ချောင်းရေတိုက်စားကာ ပြိုကျခဲ့သည်အတွက် ဖြတ်သန်းသွားလာရန်အခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)